News

POST TAGGED AS

အလုပ်သမား

မသန်စွမ်းနှင့် အငြိမ်းစားဝန်ထမ်းများ ဆေးရုံတွင် တန်းစီဆေးကုရန်မလို
နေပြည်တော်၊ဒီဇင်ဘာ၉

ဆေးရုံများသို့ ဆေးကုသရန် လာရောက်ကြသည့် မသန်စွမ်းသူများနှင့် အငြိမ်းစားဝန်ထမ်းများကို ဆေးရုံတွင် အခြားလူနာများနည်းတူ တန်းစီစောင့်ဆိုင်းကုသရန် မလိုဘဲ ဦးစားပေးကုသရန် ညွှန်ကြားထားကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ယနေ့(ဒီဇင်ဘာ၉) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်သည့်၎င်းက မီဒီယာများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။

“မျက်စိမမြင်တာ ဖြစ်နိုင်တယ်၊ ခြေထောက်ကျိုးတာဖြစ်နိုင်တယ်။ သူတို့လာလို့ရှိရင် တန်းစီစရာမလိုဘူး။ ပြင်ပလူနာဌာနဖြစ်ဖြစ်၊ အတွင်းလူနာဌာနမှာဖြစ်ဖြစ် လုံးဝတန်းစီစရာမလိုဘူး။ ပင်စင်စားလည်း ပါတယ်။ အခြားနိုင်ငံမှာဆိုရင် စစ်ပြန်အမှုထမ်းဟောင်း အဲ့ဒါတွေပါ အကုန်ပါတာ။ သူတို့တန်းစီစရာ မလိုဘူး။ တိုက်ရိုက်ဝင်ပဲ။ တိုကင်ယူစရာမလိုဘူး” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ လုပ်ဆောင်ပေးရန် တစ်နိုင်ငံလုံးရှိ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းနှင့်ပြည်နယ် ကုသရေးဦးစီးမှုးများ အားလုံးကို ညွန်ကြားချက် ပို့ထားပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဆေးရုံတွေမှာလည်း အကုန်ကပ်မယ်။ မကပ်လို့ရှိရင် လူတွေက ကျော်ဝင်တာဘာညာ ဖြစ်မှာကိုး။ ဘာကြောင့်ထုတ်လဲဆိုတော့ သူတို့က ဦးစားပေးရမယ်လေ။ ဒါ့အပြင်ဆေးရုံတွေမှာ မသန်စွမ်းတွေအတွက် လှေကားထစ်တွေ မဟုတ်ဘူး။သူတို့အဆင်ပြေဖို့ Ramp လေးတွေပေါ့။ ဒါတွေပါ နောက်ဆောက်တဲ့ ဆေးရုံတွေမှာ အကုန်လုပ်မှာ” ဟု ၀န်ကြီးက ထပ်လောင်းပြောကြားသည်။

ယင်းအပြင် မသန်စွမ်းများအတွက် Wheel Chair ဖြင့် အသုံးပြုနိုင်သည့် သန့်စင်ခန်းများကိုပါ လုပ်ဆောင်ပေးရန် တပါတည်း ညွန်ကြားထားကြောင်း ၎င်းကဆိုသည်။ယင်းအပြင် ဆရာဝန်များအတွက် လစာတိုးပေးရန် မဖြစ်နိုင်သေးသည့် အခြေအနေဖြစ်သော်လည်း ဆရာဝန်များ နေထိုင်ရန်အိမ်ရာများ ဆောက်လုပ်ပေးရန် ၂၀၁၇ -၁၈ဘတ်ဂျတ်တွင် ထည့်သွင်းတောင်းခံထားပြီး လွှတ်တော်မှ ဖြတ်တောက်မှု မပြုရန်သာလိုကြောင်း ၀န်ကြီးက ဆိုသည်။

“လစာကတော့ ချက်ချင်းတင်လို့ မရသေးဘူးလေ။ ဒါပေမယ့် ဆရာဝန်တွေနေဖို့ အိမ်ရာကို နောက်နှစ်ဘတ်ဂျက်မှာ အကြီးအကျယ်တင်ထားတယ်” ဟု ၎င်းကပြောသည်။ နယ်မြို့များရှိ တာဝန်ကျဆရာဝန်များအနေဖြင့် အိမ်ငှားခကို တစ်သိန်းကျပ်ဝန်းကျင် ပေးနေရသောကြောင့် လစာ၏သုံးဆယ်ရာခိုင်နှုန်းခန့် ပေးနေရသည်မှာ အဓိပ္ပါယ်လုံးဝမရှိသဖြင့် အထက်ပါအတိုင်း စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။




FOLLOW US