News

POST TAGGED AS

အမျိုးသမီး

အမေရိကန်တွင် သေလုမျောပါးဖြစ်နေသောအမျိုးသမီးကို လူမျိုးရေးခွဲခြား၍ စောင့်ရှောက်မှုပေးရန် ပျက်ကွက်ခဲ့သော ဆေးအမှုထမ်းလေးဦးကိုစစ်ဆေး


ဝါရှင်တန်၊ ဩဂုတ် ၁

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဆေးအမှုထမ်းလေးဦးသည် သေလုမျောပါးဖြစ်နေသော အမျိုးသမီးတစ်ဦးကို လူမျိုးရေးခွဲခြား၍ ဝန်ဆောင်ခမပေးနိုင်ဟု ယူဆသောကြောင့် ဆေးဝါးကုသစောင့်ရှောက်မှုပေးရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကြားနာမှုလုပ်ဆောင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

လူမည်းမိသားစုဖြစ်သောကြောင့် လူနာတင်ကားအသုံးပြုခမတတ်နိုင်ဟု ဆေးအဖွဲ့ဝင်များက ယူဆခဲ့ကြသည်ဟု လူနာ၏ မိခင်နီကိုးလ်ဘလက်က ပြောကြားခဲ့သည်။

နောက်ဆုံးတွင် အသက် ၃၀ အရွယ် လူနာဖြစ်သူခရစ္စတယ်ဂယ်လိုဝေးကို မိခင်ဘလက်ကိုယ်တိုင် ကားမောင်း၍ ဆေးရုံသို့ ပို့ပေးခဲ့ရသည်။ ဂယ်လိုးဝေးသည် လေဖြတ်ပြီးနောက် သတိလစ်မေ့မျောနေခဲ့ပြီးနောက် ငါးရက်အကြာတွင် ကွယ်လွန်သွားခဲ့သည်။

ဟီးလ်စ်ဘရော့ကောင်တီ တာဝန်ရှိသူများက ယင်းကိစ္စအတွက် တာဝန်ရှိကြောင်း ဝန်ခံထားသည်။ 

ဂယ်လိုးဝေးမှာ ဗိုက်ခွဲမွေးခဲ့ပြီးရက် အတန်ကြာ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်း ရေချိုးနေစဉ် လဲပြိုသွားခဲ့ပြီး နှုတ်ခမ်းများ ရောင်ကိုင်းကာ သွားရည်များစီးကျနေခဲ့သည်။

မိခင်ဖြစ်သူက ၉၁၁ ကို ဖုန်းဆက်ပြီးအကြောင်းကြားသောအခါ လူနာတင်ယာဉ်ရောက်လာခဲ့ပြီး ဆေးအဖွဲ့သည် သုံးထပ်ရှိ ဂယ်လိုဝေးကို အောက်ထပ်သို့ သယ်ယူပေးခဲ့ကြသည်။

“သူတို့က ကျွန်မသမီးကို ထပ်ခါထပ်ခါ မေးနေတာ။ ဆေးရုံသွားမှာလား ဆေးရုံးသွားမှာလားနဲ့လေ။ ကျွန်မသမီးက ဟုတ်ကဲ့သွားပါမယ်ချည်း ပြောပြီး ခေါ်သွားပေးဖို့ တောင်းပန်နေတာ” ဟု မိခင်ဖြစ်သူ နီကိုးလ်ဘလက်ခ်က ပြန်ပြောပြခဲ့သည်။

သို့ရာတွင် လူနာတင်ယာဉ်ဖြင့် မခေါ်သွားဘဲ သူ့ကားထဲကိုသာ သူ့သမီးကိုထည့် ပေးခဲ့သည်ဟုဆိုသည်။ 

“အပူချိန်လည်း မတိုင်းဘူး။ သွေးကြောတွေ ဘာတွေလည်း မစစ်ဆေးဘူး။ ကုန်ကျစရိတ်ကို သမီးက မပေးနိုင်ပါဘူး ဆိုတာကိုပဲ ဝိုင်းပြောနေကြတာ။ မင်းခုမှ ကလေးမွေးထားတာ မဟုတ်လား သုံး ဘလောက်လောက် သယ်သွားဖို့ကို ဒေါ်လာ ၆၀၀ အကုန်ခံမှာလား ဆိုပြီးမေးကြတယ်” ဟု မိခင်ဖြစ်သူက ပြန်ပြောပြသည်။

“မင်းသောက်ထားတာလား။ မင်းတို့တွေ ဇူလိုင် ၄ အောင်ပွဲခံနေတာ။ ဒါကြောင့် ခေါင်းကိုက်တာနေမှာပါ ဆိုတာမျိုးလည်း ဝိုင်းပြောကြတယ်”ဟု မိခင်ဖြစ်သူ ဘလက်ခ်က ပြန်ပြောပြသည်။

သမီးဖြစ်သူမှာ ကွေးကောက်လဲကျနေသည့်တိုင် ဆေးအဖွဲ့ဝင်များက လူနာတင်ကားဖြင့် ခေါ်သွားမပေးဘဲ မိခင်ဖြစ်သူကိုယ်တိုင်သာ ကားဖြင့်ခေါ်သွားရန် တိုက်တွန်းခဲ့ကြသည်ဟုဆိုသည်။

အမေရိကန်သည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဖြစ်သော်လည်း နိုင်ငံတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရယူထားခြင်းမရှိသူ အများအပြားရှိနေပြီး ၎င်းတို့မှာ အရေးပေါ်အခြေအနေတွင် လူနာတင်ကားခေါ်ရုံဖြင့်ပင် ဒေါ်လာထောင်ချီကုန်ကျနိုင်သည်။

F-03



FOLLOW US