News

POST TAGGED AS

အမျိုးသမီး

အီရန်တွင် ဖမ်းဆီးခံ ဆယ်ကျော်သက်မိန်းကလေးကို အားပေးသည့်အနေနှင့် အမျိုးသမီးများက အကဗီဒီယိုဖိုင်များ အွန်လိုင်းတွင်ဖြန့်


တီဟီရန် ဇူလိုင် ၉

အီရန်နိုင်ငံတွင် အဖမ်းခံရသော ဆယ်ကျော်သက်မိန်းကလေးကို အားပေးသည့်အနေနှင့် အမျိုးသမီးများက ၎င်းတို့ကိုယ်တိုင်၏ အကဗီဒီယိုဖိုင်များကို အွန်လိုင်းတွင်တင်ခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မေဒီးဟိုဂျာဘရီသည် သူမ၏ အီရန်နှင့် အနောက်တိုင်း ပေါ့ပ်တေးဂီတအက ဗီဒီယိုများကြောင့် Instagram တွင် Follower ထောင်နှင့်ချီ၍ ရရှိထားသူဖြစ်သည်။ ဟိုဂျာဘရီကို ဖမ်းဆီးခဲ့ပြီးနောက် သူမ၏ ဝန်ခံဖြောင့်ချက်ပေးမှုကို နိုင်ငံပိုင် ရုပ်သံက သောကြာနေ့တွင် ထုတ်လွှင့်ခဲ့သည်။ 

လူမှုကွန်ရက်မီဒီယာ အသုံးပြုသူများက “အကသည် ရာဇဝတ်မှုမဟုတ်” ဟု စာတန်းများထိုးကာ ဟိုဂျာဘရီကို ထောက်ခံသည့် ဗီဒီယိုဖိုင်များကို မျှဝေလျက်ရှိသည်။

အီရန်အာဏာပိုင်များသည် အမျိုးသမီးများအား မိသားစုဝင်များရှေ့မှောက်မှလွဲ၍ ပြင်ပတွင် ဆန့်ကျင်ဘက်လိင်များနှင့် တွဲဖက်ကခုန်ခြင်းကို တားမြစ်သည့် စည်းကမ်းများချမှတ်ထားသည်။

ဟိုဂျာဘရီ၏ အကဗီဒီယိုများသည် ခေါင်းမြီးခြုံပဝါနှင့် ခြုံထည်မပါဘဲ အိမ်တွင် ကခုန်နေခြင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ အခြားအကမယ်များစွာသည်လည်း ပြီးခဲ့သောသီတင်းပတ်များအတွင်း ဖမ်းဆီးခံရသည်ဟု သိရှိရသည်။

အွန်လိုင်းဘလော့ဂါ ဟော်စိန်ရိုနာဂီက “အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အကြား မိန်းကလေးတွေဟာ သူတို့ရဲ့ အက၊အလှ၊ အပျော်တွေကြောင့် မလျော်မကန်ဖြန့်ချိမှု စွပ်စွဲချက်နဲ့ အဖမ်းခံရနေရပြီးကလေးမုဒိမ်းမှု တရားခံတွေနဲ့ တခြားရာဇဝတ်သားတွေကတော့ လွတ်မြောက်နေတယ်လို့ ကမ္ဘာပေါ်မှာရှိတဲ့လူတွေကို သွားပြောရင် ဟားတိုက်ရယ်ကြလိမ့်မယ်။ သူတို့အတွက် ယုံနိုင်စရာမှမရှိဘဲကိုး” ဟု မှတ်ချက်ပေးရေးသားလိုက်သည်။

Twitter user တစ်ဦးကလည်း “ကျွန်မ အခုကနေတယ်။ ဒါမှ အာဏာပိုင်တွေက မေဒီးနဲ့ အခြားဆယ်ကျော်သက်တွေကို ဖမ်းဆီးရုံနဲ့ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေကို သိမ်းယူလို့မရနိုင်ဘူးဆိုတာကို သိသွားကြလိမ့်မယ်” ဟု ပြောဆိုလိုက်သည်။

အီရန်တွင် အကသမားများကို ဖမ်းဆီးမှုသည် ယခုပထမဆုံးအကြိမ် မဟုတ်ပေ။ ယခုနှစ်အစောပိုင်းကလည်း အမျိုးသားများနှင့် အမျိုးသမီးများကခုန်နေသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် မာရှက်မြို့မှ တာဝန်ရှိသူတစ်ဦး အဖမ်းခံခဲ့ရသည်။ 

ဩဂုတ်လကလည်း လူခြောက်ဦးကို ဇမ်ဘာအကကခုန်မှုဖြင့် ဖမ်းဆီးထားခဲ့သေးသည်။

၂၀၁၄ ခုနှစ်ကလည်း ဖာရယ်လ်ဝီလျှံ၏ Happy သီချင်းကို တီဟီရန်လမ်းများပေါ်နှင့် ခေါင်မိုးထပ်များပေါ်တွင် ကခုန်နေသည့် ဗီဒီယိုကိုတင်ခဲ့သည့် အီရန်လူငယ်ခြောက်ဦးကို တရားရုံးက ထောင်ဒဏ်တစ်နှစ်နှင့် ကြိမ်ဒဏ် ၉၁ ချက်အထိ ဆိုင်းငံ့ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

F-04



FOLLOW US