News

POST TAGGED AS

အမျိုးသမီး

သူလျှိုကင်မရာဖြင့် အပြာဓာတ်ပုံနှင့်ဗီဒီယို ခိုးဝှက်ရိုက်ကူးမှုများကို တောင်ကိုရီးယားအမျိုးသမီး ထောင်နှင့်ချီ၍ ကန့်ကွက်ဆန္ဒပြ


ဆိုးလ်၊ ဇူလိုင် ၈ တော်ကိုရီးယားနိုင်ငံတွင် သူလျှိုကင်မရာများဝှက်ကာရိုက်ကူးထားသည့် လိင်အသားပေး အပြာဗီဒီယိုကားများ ရေပန်းစားပျံ့နှံ့နေခြင်းကိုတိုက်ဖျက်ပေးရန် အမျိုးသမီးများကလမ်းမပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း DW သတင်းဌာနကရေးသားဖော်ပြသည်။

လျှို့ဝှက် (စပိုင်) ကင်မရာများတပ်ဆင်ကာ မိန်းကလေးများနှင့် စုံတွဲများ၏ အတွင်းရေးကို ရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများ တောင်ကိုရီးယား လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့နေမှုအား အမျိုးသမီးများက ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်။ 

အမျိုးသမီးထောင်ပေါင်းများစွာမှာ စနေနေ့က ဆိုးလ်မြို့လယ်တွင် ချီတက်လမ်းလျှောက်ကာ အစိုးရအနေနှင့် သူလျှိုကင်မရာများဖြင့် ရိုက်ကူးသည့် အပြာကားနှင့်အပြာဓာတ်ပုံများကိစ္စကို ပြင်းထန်သည့်ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

တောင်ကိုရီးယားနိုင်ငံတွင် အလွန်သေးငယ်သည့် ကင်မရာများအသုံးပြုကာ အမျိုးသမီးများကို ၎င်းတို့၏ ခွင့်ပြုချက် မပါဘဲဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှုသည် ကြီးမားသည့်ပြဿနာတစ်ရပ် ဖြစ်လာသည်။ 

ဓာတ်ပုံနှင့်ဗီဒီယိုအများစုမှာ အများသုံးအိမ်သာများ၊ အဝတ်လဲခန်းများ၊ စာသင်ကျောင်းများနှင့် လုပ်ငန်းခွင်များတွင် ခိုးကြောင့်ခိုးဝှက်ရိုက်ကူးထားခြင်းဖြစ်ပြီး အပြာကားနှင့် ဓာတ်ပုံများ အသားပေးသည့် ဝက်ဘ်ဆိုက်များနှင့် အွန်လိုင်း chat room များ၌ ကျယ်ကျယ်ပြန့်ပြန့် Share ကြသည်။ 

အပြာကားများ ရိုက်ကူးထုတ်လုပ်မှုမှာ တောင်ကိုရီးယားနိုင်ငံတွင် တရားဥပဒေနှင့်ဆန့်ကျင်သည့်ကိစ္စဖြစ်သော်လည်း အာဏာပိုင်များအနေနှင့် ထိုသို့သော ဓာတ်ပုံများနှင့် ဗီဒီယိုများဖြန့်ဝေမှုကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသေးပေ။ 

တောင်ကိုရီးယားအမျိုးသမီးများက ချီတက်ဆန္ဒပြကြရာတွင် “ငါတို့ဘဝက နင်တို့ရဲ့အပြာကားတစ်ကားမဟုတ်ဘူး” ဟူ၍လည်းကောင်း၊ “ခိုးချောင်ခိုးဝှက် ဗီဒီယိုဓာတ်ပုံရိုက်တဲ့ယောကျာ်းတွေနဲ့ ကြည့်ရှုတဲ့သူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်ပေးပါ” ဟူ၍လည်းကောင်း စာတန်းများရေးသား ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဆန္ဒပြပွဲကိုစီစဉ်သူများအဆိုအရ အဆိုပါချီတက်ဆန္ဒပြပွဲသို့ အမျိုးသမီး ၅၅၀၀၀ ခန့်ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ယင်းသည်တောင်ကိုရီးယားအတွက် အမျိုးသမီးများဦးဆောင်သည့် အကြီးမားဆုံးသော ချီတက်ဆန္ဒပြပွဲကြီးဖြစ်သည် ဟုသိရသည်။ 

ဆန္ဒပြသူများက တောင်ကိုရီးယားအမျိုးသမီးများအနေနှင့် မည်မျှအတိုင်းအတာအထိ စိုးရိမ်ပူပန်မှုနှင့်နေထိုင်ကြရသည်ကိုလည်း ရှင်းပြသည်။ 

“ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေဆိုရင် အများသုံးအိမ်သာတွေထဲ ရောက်သွားတိုင်း ဘယ်နားမှာ ကင်မရာတပ်ထားသလဲဆိုတာကို အမြဲလိုက်ကြည့်မိတယ်၊ အပေါက်တွေဘာတွေ ဖောက်ထားသလားလို့လည်း သံသယအမြဲဖြစ်ရတယ်” ဟု အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ယင်းဆန္ဒပြပွဲတွင် ပြောကြားသည်။

F-01



FOLLOW US