News

POST TAGGED AS

အမိုးဖွင့်မင်္ဂလာဘတ်စ်ကား

13-Aug-2018

ပုဂံ
ပုဂံဘုရားအချို့တွင် အလှဆင်မြက်စိုက်
မန္တလေး၊ ဩဂုတ် ၁၃

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သရပါတံခါးအနီးနှင့် ဘုရားအချို့တွင် အလှဆင်မြက်ခင်းများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဂေါပကအဖွဲ့ရှိသည့် ဘုရား ၁၇ ဆူတွင် မြက်စိုက်၍ အလှဆင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“ဘုရားတွေမှာ ကြည့်ကောင်းအောင် မြက်ခင်းတွေစိုက်ကြပါလို့ ညွန်ကြားတဲ့အတွက် လုပ်ကြတယ်ပေါ့။ မျက်စိပသာဒဖြစ်စေဖို့နဲ့ စိမ်းစိမ်းစိုစိုဖြစ်စေဖို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဘုရားနား၊ တံတိုင်နားမှာ ပြုလုပ်ထားတဲ့အတွက် ကားတွေ ရပ်လို့မရဘူးပေါ့။ ဧည့်သည်တွေလည်း ဒါနဲ့တွဲပြီးတော့ ဓာတ်ပုံရိုက်တာတွေ လုပ်နိုင်တာပေါ့”ဟု ၎င်းကရှင်းပြသည်။

ပုဂံဒေသ နှစ်ပေါင်းထောင်ချီ တည်တံ့နေသည့်အကြောင်းသည် အပူပိုင်း ဇုန်အတွင်း တည်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ပုဂံသို့လာသည့် ပြည်တွင်း ပြည်ပ ခရီးသွားများ အပူဒဏ်သက်သာစေရန် အပင်များစိုက်ပျိုးမည်ကို စိုးရိမ်ကြောင်း၊ သရပါတံခါးဂိတ်သည် တစ်ခုတည်းသော ကျန်ရှိသည့်အမွေအနှစ်ဖြစ်ကြောင်း၊ သရပါတံခါးအနီးတစ်ဝိုက်တွင်စွတ်စိုစေရန် ပြုလုပ်ခြင်းသည် အခြေခံအုတ်မြစ်ကို ဖြိုနေသည်နှင့်တူကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင်က ပြောကြားသည်။

“သရပါကိစ္စက ဒေသမျိုးရင်းမြက်တွေကိုပဲ စိုက်သင့်တယ်။ ဥပဒေမှာ ရှေးဟောင်းအမွေအနှစ်ဒေသတွေမှာ သူ့ဒေသမှာရှိတဲ့ မျိုးရင်းမျိုးစိတ်ကိုပဲ စိုက်ရမယ်။ အခြားအပင်တွေ ယူလာပြီးစိုက်လို့မရဘူး။ စိမ်းစိမ်းစိုစို မြင်ရတာတော့ အဆင်ပြေတယ်။ ရေဝပ်တာကပြဿနာ။ စိုက်တာကလည်း ပုဂံမှာ ပေါက်လေ့ပေါက်ထရှိတဲ့ အပင်အမျိုးအစားမဟုတ်ဘူး။ ဒီလိုစိုက်လိုက်တာက အမြင်ပိုင်းဆိုင်ရာ ညစ်ညမ်းသွားစေတယ်” ဟု ၎င်းက ပြောဆိုသည်။

M-05



FOLLOW US