News

POST TAGGED AS

အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့ ဩဂုတ်လတတိယပတ် သွားရောက်မည်
ရန်ကုန်၊ ဩဂုတ် ၁၁

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ တတိယပတ်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

စင်ကာပူနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံရေးအသိုင်းအဝိုင်းက ထင်ရှားကျော်ကြားသူများ၊ နိုင်ငံခေါင်းဆောင်များနှင့် ပညာရှင်များကို ဖိတ်ခေါ်ကာ ဟောပြောပွဲပြုလုပ်ပေးသည့် Singapore Lecture အစီအစဉ်တွင် တက်ရောက်ဟောပြောရန် စင်ကာပူဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့သည့်အတွက် တက်ရောက်ဟောပြောမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်လည်း သီးခြားတွေ့ဆုံသွားမည်ဖြစ်ပြီး စင်ကာပူနိုင်ငံသို့ ဩဂုတ်လ တတိယပတ်ဝန်းကျင် သွားရောက်မည်ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ Singapore Lecture အစီအစဉ်တွင် မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်း စိန်ခေါ်မှုများနှင့် ရှေ့ခရီး ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားသွားမည်ဖြစ်သည်။

အဆိုပါ Singapore Lecture အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ၄၃ ဦးမြောက် မိန့်ခွန်းပြောကြားသူ ဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က ကိုရီးယားသမ္မတမွန်းဂျေအင်းက နောက်ဆုံးပြောကြားထားသည်။

Singapore Lecture အစီအစဉ်တွင် နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည့် ဟင်နရီကစ်ဆင်ဂျား၊ အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ တောင်အာဖရိကသမ္မတ နယ်ဆင်မန်ဒဲလ်လား၊ တရုတ်သမ္မတ ရှီကျင့်ဖျင် စသည့်ထိပ်သီးပုဂ္ဂိုလ်များ တက်ရောက်ဟောပြောခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိဘဲ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့သည်။

J-08



FOLLOW US