News

POST TAGGED AS

အဆုံးစီရင်

ကသာတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် အဆုံးစီရင်
ဗန်းမော် ၊ ဇူလိုင် ၂ 

စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ကသာမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ ခန့်က လိုင်းခန်းတွင် သေနတ်ဖြင့် အဆုံးစီရင်ခဲ့ကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

သေဆုံးသူမှာ အသက် ၃၇ နှစ်အရွယ် ဒုရဲအုပ် ချစ်ဝင်းလတ်ဖြစ်ပြီး ဇွန်လ ၁၉ ရက်က ဖမ်းဆီးရေးနှင့် လုံခြုံရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် ထုတ်ယူထားသော သေနတ်ဖြင့် ၎င်း၏ ညာဘက်နားထင်သို့ ပစ်ခတ်ခဲ့ကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဘယ်ဘက်ချိုစောင်းတွင် ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ရရှိပြီး ကသာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ နယ်ထိန်းခေါင်းဆောင်သည် ဇွန်လ ၂၄ရက်က မူးယစ်ဆေးသုံး သူ ၃ ဦးကို ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့ သုံးထားသော သွေးစသွေးနများပါသည့် ဆေးထိုးအပ် ၎င်းလက်တွင် ထိုးမိခဲ့ကြောင်း၊ ယင်းနောက် ဆေးရုံတွင် သွေးစစ်ခဲ့ရာ HIV ကူးမကူးအဖြေကို မသိနိုင်ကြောင်း ပြောသော်လည်း ယင်းဖြစ်ရပ်အတွက် ၎င်းမှာ စိတ်ထိခိုက်နေသည်ဟု တပ်ဖွဲ့ဝင်များထံမှ သိရှိရကြောင်း ကသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အောင်က ပြောသည်။

နယ်ထိန်းခေါင်းဆောင် သေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေပြီး ၎င်းတွင် ဇနီးသည်နှင့် အသက် ၃ နှစ်အရွယ် သားဖြစ်သူတို့ ကျန်ရစ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။ 

R-14



FOLLOW US