News

POST TAGGED AS

အဆိပ်သင့်

အလှူတွင်ကျွေးသည့် ခေါက်ဆွဲကြော် စားသောက်ပြီးနောက် လူခြောက်ဆယ်ကျော် အစာအဆိပ်သင့်
ထားဝယ်၊ သြဂုတ် ၂၃

ထားဝယ်ခရိုင် ကံပေါက်ဒေသရှိ ဖောင်းတောကျေးရွာတွင် သြဂုတ်လ ၂၃ ရက်က မွေးနေ့အလှူအိမ်တွင်ကျွေးသည့် အစားအစာများ စားပြီးနောက် လူခြောက်ဆယ်ကျော် မူးဝေအော့အန်လာသည့်အတွက် ဆေးရုံတင်လိုက်ရကြောင်း ဖောင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောသည်။

မွေးနေ့အလှူအိမ်တွင်ကျွေးသည့် ခေါက်ဆွဲကြော်နှင့် ဟင်းချို စားသောက်ပြီးနောက် မူးဝေအော့အန်လာသဖြင့် လူနာ ၆၁ ဦးကို ရွာတွင်ရှိသည့် ကျန်းမာရေးဆရာမမှတစ်ဆင့် ကံပေါက်တိုက်နယ်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဦးခင်မောင်သန်းက ဆိုသည်။

“စားပြီး အထက်လှန်အောက်လျှော ဖြစ်တာပေါ့။ လူနာက နည်းနည်းများလာလို့ ကံပေါက်တိုက်နယ်ဆေးရုံကို ပို့လိုက်တယ်”ဟု ဦးခင်မောင်သန်းက ပြောသည်။

လက်ရှိတွင် သက်သာလာပြီဖြစ်သည့်အတွက် လူနာ ၃၁ ဦးကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၎င်းက သြဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခန့်တွင် ပြောသည်။

ဆေးရုံရောက်လာသူ အများစုက အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ မူးဝေခြင်းများ ခံစားနေရပြီး ဓာတ်ခွဲစစ်ဆေးချက် အဖြေမရသေး သော်လည်း အစာအဆိပ်သင့်သည့် လက္ခဏာများကို တွေ့ရကြောင်း ကံပေါက်တိုက်နယ်ဆေးရုံ တာဝန်ကျဆရာဝန်က ပြောသည်။

“လက်ရှိမှာတော့ အများစုက စိတ်ချရတဲ့ အနေအထားရောက်လို့ အိမ်ပြန်လွှတ်လိုက်ပါပြီ”ဟု အထက်ပါဆရာဝန်က ဆိုသည်။

တနင်္သာရီတိုင်းတွင် အစာအဆိပ်သင့်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Dawei Watch



FOLLOW US