News

POST TAGGED AS

အစိုးရ

မန္တလေးစည်ပင် တစ်နှစ်အတွင်း ဝန်ထမ်းရှစ်ဦးကို ရာထူးမှထုတ်ပယ်
မန္တလေး၊ ဇွန် ၃၀

မန္တလေးတိုင်း အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာကာလဖြစ်သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြို့တော်စည်ပင်မှ အရာထမ်း၊ အမှုထမ်းရှစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံချက်နှင့်အညီ အရည်အချင်း ပြည့်မီသော ဝန်ထမ်းများကို ရာထူးအဆင့် တိုးမြှင့်ပေးခြင်း၊ ပြည်တွင်း ပြည်ပ သင်တန်းများ စေလွှတ်ပေးခြင်းတို့ လုပ်ဆောင်ပေးသကဲ့သို့ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ဝန်ထမ်းများကိုလည်း ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

မြို့တော်စည်ပင်အောက်ရှိ ဌာနများမှ ဌာနစုမှူးနှစ်ဦး၊ ရဲတပ်သားနှစ်ဦး၊ ဈေးခေါင်းတစ်ဦး၊ လုပ်သားတစ်ဦး၊ အစောင့်တစ်ဦးတို့ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အငယ်တန်း အင်ဂျင်နီယာတစ်ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ မှတ်တမ်းအရ သိရသည်။

“ထုတ်ပစ်တာနဲ့ ထုတ်ပယ်တာ မတူပါဘူး။ ထုတ်ပစ်တယ်ဆိုရင် ဘယ်ဌာနမှာမှ လုပ်လို့မရတော့ပါဘူး”ဟု ဒေါက်တာရဲလွင်က ရှင်းပြသည်။

အဆိုပါဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပေးအပ်ထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှု မရှိခြင်း၊ လုံခြုံရေးတာဝန် ချထားရာတွင် အထက်အဆင့်ဆင့်သို့ သတင်းပို့ခြင်းမရှိဘဲ အကြောင်းမဲ့ ပျက်ကွက်ခြင်းနှင့် ကော်မတီဝင်များ ကိုင်ဆောင်အသုံးပြုလျက်ရှိသော ဂျီအက်စ်အမ် ၁၉ လုံး၊ စီဒီအမ်အေတစ်လုံးနှင့် လိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဖုန်းဘေလ်များ ပေးချေခြင်းနှင့်ပတ်သက်၍ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများနှင့် မညီခြင်းတို့ကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း အစိုးရအဖွဲ့၏ ပထမတစ်နှစ်တာ ကာလဖြစ်သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကလည်း စည်ပင်ဝန်ထမ်း သုံးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သေးသည်။ 

M-07



FOLLOW US