News

POST TAGGED AS

အချုပ်သား

ကြက်ဆူစိုက်ခင်း မြေငှားစာချုပ်ဖျက်ရန် စစ်ကိုင်းလွှတ်တော်တွင် အဆိုအောင်
မုံရွာ၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသတွင် ကြက်ဆူစိုက်ပျိုးရန်မြေကို နှစ် ၃၀ စာချုပ်ဖြင့် ၂၀၀၉ ခုနှစ်တွင် သစ်တောရေးရာဝန်ကြီးဌာနနှင့် တင်ဝင်းထွန်းကုမ္ပဏီတို့ စာချုပ် ချုပ်ထားရာ စာချုပ်စည်းကမ်းချိုးဖောက်ခြင်း၊ ခေတ်စနစ်ဖြင့် မလျော်ညီတော့ခြင်းတို့ကြောင့် ယင်းစာချုပ်ကိုဖျက်သိမ်းရန် အဆိုကို စစ်ကိုင်းလွှတ်တော်တွင် တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ၍ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ခွင့်ပြုခဲ့ကြောင်း လွှတ်တော်အတွင်းမှ သိရသည်။ 

ဩဂုတ်လ ၉ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းတိုင်းလွှတ်တော်အစည်းအဝေးတွင် ကနီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ကနီမြို့နယ်၊ ပေါက်အင်းတောင်ဒေသတွင် တင်ဝင်းထွန်းကုမ္ပဏီက ကြက်ဆူစိုက်ပျိုးခြင်းမရှိဘဲ သရက်နှင့် ယူကလစ်များ စိုက်ပျိုးနေခြင်း၊ ငှားရမ်းခငွေအား ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပေးသွင်းခြင်းမရှိခြင်း၊ ဒေသခံများကို မြေပြန်လည်ငှားရမ်းခြင်း၊ လက်ရှိတွင် ကုမ္ပဏီလုပ်ကိုင်မြေ ဧက၂၀၀ ကျော်သာရှိခြင်းအပြင် ဒေသခံများနှင့် အငြင်းပွားခြင်းတို့ကြောင့် စာချုပ်ကိုဖျက်ရန် အဆိုတင်ရခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

“ကြက်ဆူစီမံကိန်းကြောင့် ထောင်ကျသူတွေ တရားရင်ဆိုင်ရမှုတွေ လက်ရှိဖြစ်ပေါ်နေတယ်။ ဒါကြောင့် စာချုပ်ဖျက်ပြီး သစ်တောဌာနပိုင်အဖြစ် ပြန်သိမ်းဖို့တင်ပြရတာပါ”ဟု ၎င်းက ဆိုသည်။

ယင်းအဆိုအား ကသာမြို့နယ် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက လွှတ်တော်သဘောထားအား မေးမြန်းရာ ကန့်ကွက်သူမရှိ၍ ယင်းအဆိုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။ 

အဆိုပါ လွှတ်တော်အစည်းအဝေးသို့ ပေါက်အင်းတောင်ဒေသမှ ဒေသခံများလည်း လာရောက်နားထောင်ခဲ့ကြသည်။

R-08  



FOLLOW US