News

POST TAGGED AS

အကျဉ်းသား

ဆယ်တန်းအောင်အကျဉ်းသားများကို ဂုဏ်ပြုမည်
ရန်ကုန်၊ ဇွန် ၁၁

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အင်းစိန်အကျဉ်းထောင်မှ ဆယ်တန်းအောင် အကျဉ်းကျ ကျောင်းသား ၁၉ ဦးကို အကျဉ်းဦးစီးဌာနက ဇွန်လ ၁၆ ရက်တွင် ဂုဏ်ပြုမည်ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် ထောင်အရာရှိ ဦးရဲနောင်တင်မြင့်က ပြောကြားသည်။

“ဂုဏ်ပြုပွဲဆိုတာထက် စိတ်ဓာတ်ခွန်အား ပေးမှာပေါ့ဗျာ။ တစ်ချိန်က ဘယ်လိုနည်းနဲ့ မှားခဲ့မှားခဲ့ ဒီကိုရောက်ချိန်မှာ ဘဝအတွက် အကျိုးရှိအောင် အသုံးချနိုင်တယ်။ ကျွန်တော်တို့ အဝေးသင်တက္ကသိုလ်တက်ဖို့ စီစဉ်ပေးထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဂုဏ်ပြုပွဲတွင် အကျဉ်းဦးစီးဌာနအနေနှင့် အသိအမှတ်ပြုကတ်ပြားနှင့် ဆုငွေကို ချီးမြှင့်မည်ဖြစ်သည်။

ယခုဆယ်တန်းအောင်မြင်ခဲ့သော အကျဉ်းကျကျောင်းသားများမှာ အရွယ်အားဖြင့် အသက် ၁၇ ခုနှစ်မှ ၃၀ ကြားအထိရှိပြီး မူးယစ်ဆေးမှုဖြင့် ပြစ်ဒဏ်ကျလာသူ အများဆုံးပါဝင်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။

ယခုနှစ်ပညာသင်နှစ်အတွက် ဖြေဆိုသူ အကျဉ်းကျ ကျောင်းသား ၂၃ ဦး၊ အကျဉ်းသူတစ်ဦးနှင့် အချုပ်သားတစ်ဦး အပါအဝင် စုစုပေါင်း ၃၄ ဦး ဖြေဆိုခဲ့ရာမှ ၁၉ဦး အောင်မြင်ခဲ့ခြင်းပြီး သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦးအထိ ပါဝင်ခဲ့ကြောင်း၊ အောင်ချက် ၅၆ ရာခိုင်နှုန်းနီးပါးရှိကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်ထံမှ သိရသည်။

အင်းစိန်အကျဉ်းထောင် စာစစ်ဌာနတွင် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်မှစ၍ လက်ရှိအချိန်အထိ ဆယ်တန်းအောင်မြင်သူ အကျဉ်းသား ၂၉ ဦးအထိ ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်အသီးသီးတွင် ယခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အကျဉ်းသား/အကျဉ်းသူ ၉၃ ဦး၊ အချုပ်သား ၁၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာမှ ၄၇ ဦး အောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနစာရင်းအရ သိရသည်။ 

J-17




FOLLOW US