News

POST TAGGED AS

သမဂ္ဂ

26-Jun-2018

ဥရောပ သမဂ္ဂ
အီးယူစစ်ဘက် ကြားဝင်ထိန်းသိမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းရန် ဥရောပနိုင်ငံများစီစဉ်


ဘရပ်ဆဲလ်၊ ဇွန် ၂၅

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်ကိုးနိုင်ငံသည် ဥရောပစစ်ဘက်ဆိုင်ရာ ကြားဝင်ထိန်းသိမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းမည့် အစီအစဉ်ကို တနင်္လာနေ့တွင် ရေးဆွဲကြမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းနှင့် ဗြိတိန်ကလည်း အီးယူမှ နုတ်ထွက်ပြီးနောက်တွင် ခိုင်မာသောစစ်ဘက်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်မည့်နည်းလမ်းတစ်ခုအဖြစ် ထောက်ခံထားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဥရောပ ကြားဝင်ထိန်းသိမ်းရေးတပ်ဖွဲ့ဟုအမည်ပေးထားပြီး ပြင်သစ်သမ္မတ မက်ခရွန်က ဦးဆောင်စီစဉ်နေသောတပ်ဖွဲ့သည် ပဋိပက္ခများကို ကိုင်တွယ်ရာတွင် မြန်ဆန်စွာတပ်ဖြန့်နိုင်ရန် ရည်ရွယ်ထားသည်။

တပ်ဖွဲ့စည်းရန် ရည်ရွယ်သည့်စာချွန်လွှာကို ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ အက်စတိုးနီးယား၊ စပိန်နှင့် ပေါ်တူဂီတို့ တနင်္လာနေ့တွင် လူဇင်ဘတ်၌ လက်မှတ်ရေးထိုးကြမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလီကလီဖီဂါရို သတင်းစာသို့ ပြောကြားသည်။

ကြားဝင်ထိန်းသိမ်းရေးအစီအစဉ်တွင် ဥရောပလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည့် ပြဿနာများအပေါ် ပူးတွဲစီမံလုပ်ဆောင်ခြင်းအပြင် သဘာဝဘေးအန္တရာယ် ကိုင်တွယ်ခြင်း၊ ပဋိပက္ခများတွင် ကြားဝင်ကိုင်တွယ်ခြင်း၊ ဥရောပနိုင်ငံသားများကို ကယ်ဆယ်ခြင်းတို့လည်းပါဝင်သည်ဟု ဝန်ကြီးနှင့် နီးစပ်သောသတင်းဇာစ်မြစ်များ ကဆိုသည်။

ယခုအစီအစဉ်သည် အခြားအီးယူကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် သီးခြားစီဖြစ်ပြီး ဗြိတိန်အနေနှင့် လည်းအီးယူမှ နုတ်ထွက်ပြီးနောက် ပါဝင်နိုင်ရန် အတားအဆီးမရှိဟုသိရှိရသည်။ “အီးယူမဟုတ်တဲ့ နိုင်ငံအချို့လည်းပါဝင်ခွင့်ရှိတဲ့အစီအစဉ် ဖြစ်ပါတယ်။ ယူကေကလည်းဥရောပနဲ့ အပြန်အလှန် ဆက်ဆံရေးထက် ကျော်လွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားချင်တဲ့အတွက် အရမ်းစိတ်အားထက်သန်နေပါတယ်” ဟု ပြင်သစ် ဝန်ကြီးက ပြောကြားသည်။

စစ်ဘက်ဆိုင်ရာစီမံကိန်းအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည့် ကာကွယ်ရေးစာချုပ်ကိုဒီဇင်ဘာလက အီးယူ ၂၅ နိုင်ငံချုပ်ဆိုခဲ့ကြသော်လည်း ဗြိတိန်ပါဝင်နိုင်ရန် ရှင်းလင်းသဲကွဲမှု မရှိပေ။ အီးယူ၌ ၂၀၀၇ နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ တိုက်ခိုက်ရေးအဖွဲ့ လေးဖွဲ့ရှိခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာ သဘောကွဲလွဲမှုများကြောင့် တစ်ခါမှ တပ်ဖြန့်နိုင်ခဲ့ခြင်း မရှိပေ။

ယခုအစီအစဉ်တွင် နိုင်ငံအနည်းငယ်ဖြင့် ဖွဲ့စည်းရေးကို အဓိကထားခြင်းကြောင့် ပိုမိုပြတ်သားစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အဖွဲ့ဝင် ၂၈ နိုင်ငံ (အီးယူ)၊ အဖွဲ့ဝင် ၂၉ နိုင်ငံ (နေတိုး) အုပ်စုတို့ကြောင့် နှောင့်နှေးမှုများမှ ကင်းလွတ်နိုင်မည်ဟု ပြင်သစ်နိုင်ငံက မျှော်လင့်ထားသည်။

အီတလီကလည်း ပါဝင်ရန် စိတ်ဝင်စားကြောင်း ပြသထားသော်လည်း စဉ်းစားနေဆဲဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မချရသေးဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

F-04



FOLLOW US