News

POST TAGGED AS

ဝန်ကြီးဌာနများ

ရခိုင်ဂေဇက်ဂျာနယ်မှ ဝန်ထမ်းများ သုံးလစာပေးရေး တောင်းဆို
စစ်တွေ၊ မတ် ၁၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ဝေသည့် ရခိုင်ဂေဇက်ဂျာနယ်ကို အစိုးရအဖွဲ့က ရပ်နားထားသောကြောင့် သတင်းထောက်များနှင့် ဝန်ထမ်းများက နစ်နာကြေး သုံးလစာပေးရန် တောင်းဆိုထားကြောင်း တာဝန်ခံအယ်ဒီတာ ဒေါ်ချစ်ချစ်ချောက ပြောကြားသည်။

အဆိုပါသတင်းဌာနမှ တာဝန်ခံအယ်ဒီတာဖြစ်သူ ဒေါ်ချစ်ချစ်ချောက နုတ်ထွက်ခွင့်တင်ပြလာခြင်းအပေါ် အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ မတ်လ ၉ ရက်နေ့မှစ၍ ရပ်နားလိုက်ပြီး မီဒီယာဝန်ထမ်းများကို မတ်လကုန်အထိသာ လစာပေးမည်ဖြစ်ကြောင်း၊ မီဒီယာလုပ်ငန်းပစ္စည်းများကိုလည်း မတ်လ ၁၂ ရက်နေ့အပြီး အပ်နှင်းရမည်ဖြစ်ကြောင်း အမိန့်စာထုတ်ပြန်ခဲ့သည်။

ယင်းသို့ အမိန့်စာထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့တွင် မီဒီယာလုပ်ငန်းသုံး ပစ္စည်းများကို အစိုးရအဖွဲ့ထံ အပ်နှင်းလိုက်ပြီး မတ်လ ၁၄ ရက်နေ့က မီဒီယာဝန်ထမ်းများက အလုပ်သမားနစ်နာကြေး သုံးလစာပေးရမည်ဟု ပြည်နယ်ဝန်ကြီး ဦးကျော်လွင်ကို တောင်းဆိုထားကြောင်း သတင်းထောက် ဒေါ်အေးအေးသန်းက ပြောကြားသည်။

“တာဝန်ခံက အခြားလုပ်ငန်းတစ်ခုရှိလို့ နုတ်ထွက်ခွင့်တင်လို့ ယာယီရပ်နားထားလိုက်တာ အဲဒီနေရာမှာ ကျွမ်းကျင်ဦးဆောင်သူတွေမရှိလို့ ရပ်ထားတဲ့သဘောဖြစ်တယ်။ ပစ္စည်းတွေလည်း ထိန်းသိမ်းထားတဲ့ သဘောပါ။ ဝန်ထမ်းတွေ သုံးလစာတောင်းတာတော့ ကျွန်တော်မသိသေးဘူး”ဟု ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောဆိုသည်။

အဆိုပါ သတင်းဌာန၌ ဝန်ထမ်းစုစုပေါင်း ကိုးဦးရှိပြီး တစ်လလျှင် ဂျာနယ်တစ်စောင်ထုတ်ဝေလျက်ရှိကြောင်း၊ အလုပ်သမားအခွင့်အရေးအရ ဝန်ထမ်းများအနေနှင့် သုံးလစာ နစ်နာကြေးရသင့်ကြောင်း သတင်းထောက်များက ပြောဆိုသည်။

NLD အစိုးရတက်လာပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တာဝန်ထမ်းဆောင်ရာ ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က ယင်းသတင်းဌာနကို ဦးစီးတာဝန်ခံ၍ ၂၀၁၆ ခုနှစ် ဧပြီလက စတင်တည်ထောင်ခဲ့သည်။

R-22



FOLLOW US