News

POST TAGGED AS

ဝန်ထမ်း

ကုလသမဂ္ဂဝန်ထမ်းများ ယခုလအတွင်း ရခိုင်ပြည်နယ်ရှိ ကျေးရွာ၂၃ ခုသို့ ကွင်းဆင်းလေ့လာမည်
ရန်ကုန်၊ ဩဂုတ် ၉

ကုလသမဂ္ဂဝန်ထမ်းများ ယခုလအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောရှိ ကျေးရွာ ၂၃ ခုသို့ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာထမ်းတစ်ဦးက ပြောကြားသည်။

“ဒီလထဲမှာသွားဖို့ စီစဉ်ထားတယ်။ လက်တွေ့သွားဖို့က အသေးစိတ်စီစဉ်တာတွေ၊ အကြောင်းကြားတာတွေ ပြန်ညှိနေတယ်”ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဝန်ထမ်းများကို ရခိုင်ပြည်နယ်သို့ သွားလာခွင့်ပြုကြောင်း ဩဂုတ်လ ၉ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား ဇွန်လ ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ယင်းသို့ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ရှိမှာ UEHRD က ရခိုင်ပြည်နယ်လွှတ်တော်နဲ့ အချိတ်အဆက်ကို မမိသေးဘူး။ ကျွန်တော်တို့ လိုချင်တာက ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး လာလေ့လာရင် လာစစ်ရင် ပြည်နယ်လွှတ်တော်ကို ပွင့်ပွင့်လင်းလင်းကို ချပြစေချင်တယ်။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့သူတွေကို ကိုယ်စားပြုပါတယ်”ဟု မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မှတ်ချက်ပြုသည်။

ကုလသမဂ္ဂဝန်ထမ်းများ ယခုလအတွင်း ရခိုင်ပြည်နယ်သို့ လာရောက်ပါက ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ချပြပါက လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြည်နယ်အခြေစိုက် လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် လိုအပ်ချက်များ ရှိနေသောကြောင့် ယခုကဲ့သို့ ကုလသမဂ္ဂအဖွဲ့များမှ လေ့လာချက်များသည် မြန်မာနိုင်ငံအစိုးရအတွက် ပြဿနာဖြေရှင်းမှုများတွင် ညှိနှိုင်းအဖြေရှာမှုများ ဖြစ်လာစေနိုင်ကြောင်း သံတွဲမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က မှတ်ချက်ပြုပြောဆိုသည်။

ကုလသမဂ္ဂဝန်ထမ်းများကို ရခိုင်ပြည်နယ်သို့ သွားခွင့်ပြုရာတွင် ပထမအဆင့်အနေနှင့် UNDP နှင့် UNHCR မှ တာဝန်ချထားသည့် ဝန်ထမ်းများကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိကျေးရွာ ၂၃ ရွာကို ကွင်းဆင်း၍ အကဲဖြတ်မှုများဆောင်ရွက်ရန် သွားလာခွင့်ပြုမည်ဖြစ်ပြီး ယင်းကျေးရွာများတွင် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၁၂ ခုနှင့် မောင်တောမြို့နယ်ရှိ ကျေးရွာ ၁၁ ခု ပါဝင်သည်။

J-14



FOLLOW US