News

POST TAGGED AS

ဝန်ထမ်း

01-Jul-2018

ဝန်ထမ်း
အမြဲတမ်းဝန်ထမ်းခန့်ထားရေး ဖဲကြိုးနက်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဇွန် ၃၀

အခြေခံပညာဦးစီးဌာနအောက်ရှိ နေ့စားလပေးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် အမြန်ဆုံးခန့်ထားပေးရေး ဘိုကလေးမြို့မှ ဆရာ၊ ဆရာမများစုပေါင်း၍ ဖဲကြိုးနက်လှုပ်ရှားမှု ပြုလုပ်လျက်ရှိကြောင်း ယင်းမြို့နယ်ဆရာ၊ ဆရာမများထံမှသိရသည်။

ယင်းလှုပ်ရှားမှုကို “လုပ်ငန်းခွင် မပြတ်ငြိမ်းချမ်းစွာ ဖဲကြိုးနက်လှုပ်ရှားမှု” ခေါင်းစဉ်ဖြင့် ဇွန်လ ၂၉ ရက်မှစတင်၍ နေ့စားလပေးဝန်ထမ်းများကို အမြန်ဆုံး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားရေးနှင့် ဘွဲ့ရနေ့စားလပေးရုံးဝန်ထမ်းနှင့် အထွေထွေလုပ်သားများကို မူလတန်းပြရာထူးအဖြစ် ကူးပြောင်းခွင့် စသည့်အချက် ၂ ချက်တို့ကို တောင်းဆိုနေခြင်းဖြစ်သည်။

ဘိုကလေးမြို့နယ် အထက်တန်းကျောင်းတစ်ခုမှ စာရေး (၂) ရာထူးရှိသူ ဦးရဲနိုင်စိုးက ဦးဆောင်၍ နေ့စားလပေး ကျောင်းအထွေထွေလုပ်သားအပါအဝင် ရုံးဝန်ထမ်း ၂၉ ဦးတို့က ဦးဆောင်လှုပ်ရှားခြင်းဖြစ်သည်။

“ကျွန်တော်တို့တတ်နိုင်သလောက် လေးလှုပ်ရှားတဲ့သဘောပါ။ ဒီလူငယ်လေးတွေက မိမိဘဝအာမခံချက်ရဖို့နဲ့ ဒီလိုလုပ်ငန်းလေးတွေမှာ အနစ်နာခံပြီး လုပ်ကိုင်ခဲ့ကြတာပါ။ အထွေထွေလုပ်သားတွေဆိုရင် တံမျက်စည်းလှည်း၊ ရေသယ်လည်းလုပ်ရတယ်။ သင်ကြားရေးမှာလည်းပါရတယ်။ ရုံးဝန်ထမ်းတွေဆိုလည်း အလုပ်ချိန် ၈ နာရီဆိုပေမယ့် အချိန်ပြည့် နီးပါးလုပ်ရတယ်”ဟု ဦးရဲနိုင်စိုးက ပြောကြားသည်။

ယင်းလှုပ်ရှားမှု၌ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ပညာရေးမိသားစုများ ဝန်းရံပါဝင်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ တောင်းဆိုချက်များကို မဖြည့်ဆည်းပေးမချင်း ဆက်လက်လှုပ်ရှားမည် ဖြစ်ကြောင်း ဦးရဲနိုင်စိုးက ပြောကြားသည်။

ဘိုကလေးမြို့နယ်မှ သင်ကြားရေး ဝန်ထမ်းတစ်ဦးက “သင်ကြားရေးမပြတ် တာဝန်ထမ်းဆောင်နေရင်းနဲ့ ဖဲကြိုးတပ်ပြီး လှုပ်ရှားမှုလုပ်ကြတာပါ”ဟု ပြောကြားသည်။

နေ့စားလပေး ရုံးဝန်ထမ်းများကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အထွေထွေလုပ်သားများအနေနှင့် ဘွဲ့ရလျှင် မူလတန်းပြ ရာထူးဖြစ်မည်ဟုဆိုကာ တက္ကသိုလ်ဝင်တန်းအောင်ပြီး ၂၀၁၃ ခုနှစ်မှစကာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယခုဘွဲ့ရပြီးချိန်အထိ ခန့်အပ်နိုင်ခြင်းမရှိသေးပေ။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က ပညာရေးဝန်ကြီးဌာနအနေနှင့် ၆ လတာ ဘတ်ဂျက်ကာလအတွင်းဖြစ်သဖြင့် နေ့စားလပေးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်း ခန့်ထားရေးအတွက် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဇွန်လ ၂၄ ရက်တွင် ပြောကြားထားသည်။

နေ့စားလပေးများ အနည်းဆုံးအခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ်ရရှိရေးနှင့် အမြဲတမ်းဝန်ထမ်းခန့်ထားရေးအတွက် အခြေခံပညာပညာရေး လုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီအနေနှင့်လည်း ယခုတစ်ပတ်အတွင်း ပညာရေးဝန်ကြီးဌာနအနေနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ စာတင်တောင်းဆိုခဲ့ပြီးဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် နေ့စားလပေးဝန်ထမ်းပေါင်း ၄၀၀၀ ဦးကျော်ရှိကြောင်း အမြဲတမ်းဝန်ထမ်း ခန့်ထားရေးအတွက် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။

J-19

  • VIA


FOLLOW US