News

POST TAGGED AS

ဝန်ထမ်း

နေ့စားလပေးပညာရေးရုံးဝန်ထမ်းများ အနည်းဆုံးအခကြေးငွေ မရရှိသေးဟုဆို
ရန်ကုန်၊ ဇွန် ၂၄

နိုင်ငံတစ်ဝန်းရှိ ပညာရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော နေ့စားလပေးရုံးဝန်ထမ်းများသည် အစိုးရကသတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ် မရရှိသေးကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

ပညာရေးရုံးဝန်ထမ်းများအနေနှင့် ၂၀၁၆ ခုနှစ် ဩဂုတ်လမှစတင်ကာ နေ့စားလပေး အစမ်းခန့်ဝန်ထမ်းများအဖြစ် တစ်ရက် ၃၆၀၀ ကျပ်နှုန်းဖြင့် စတင်တာဝန် ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ယခုနှစ်ထိ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း မခံရသေးသည့်အပြင် အနည်းဆုံးအခကြေးငွေပါ မရရှိသေးခြင်းဖြစ်သည်။

ယင်းသို့အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်မရရှိသေးသော နေ့စားလပေးရုံးဝန်ထမ်းများသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၄၀၀၀ ဦးကျော်ရှိကြောင်း အခြေခံပညာ ပညာရေးလုပ် သားသမဂ္ဂများဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ပညာရေးမှူးရုံး နေ့စားလပေးရုံးဝန်ထမ်း ဦးထက်လွင်က “ကျွန်တော်တို့ ပြီးခဲ့တဲ့လ (မေလ) အထိ ၃၆၀၀ ပဲ ရသေးတယ်။ ဆရာ၊ ဆရာမတွေ လစာတိုးတုန်းကတော့ ၄၈၀၀ ရမလားလို့ ပညာရေးမှူးကို မေးကြည့်သေးတယ်။ ဒါပေမဲ့အပေါ်က (အခြေခံပညာ)  နေ ညွှန်ကြားချက် မထုတ်သေးလို့ မရဘူးတဲ့”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်ကို ဆက်သွယ်မေးမြန်းရာတွင် “ခုဟာ (အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားရေး) က ၆ လ ဘတ်ဂျက်နဲ့မိနေတော့ မရနိုင်သေးဘူး။ ဝန်ကြီးဌာနက ခွင့်ပြုမှရယ်၊ ဘတ်ဂျက်ရှိမှရယ်ရမယ်။ ၄၈၀၀ မရသေးတာက ကျွန်တော်တို့ဌာနအနေနဲ့ ညွှန်ကြားတာမျိုး မရှိသေးဘူး။ ကျွန်တော်တို့က ညွှန်ကြားချက်မရဘဲ ဘာမှလုပ်လို့မရသေးဘူး”ဟု ပြောကြားသည်။

အစိုးရအနေနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားအားလုံး နေရာဒေသ၊ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ အနည်းဆုံးအခကြေးငွေ တစ်ရက် ၄၈၀၀ ကျပ် (တစ်နာရီလျှင် ၆၀၀ ကျပ်) ကို မေလကုန်မှ စတင်ခံစားခွင့်ပြုကြောင်း မေလ ၁၄ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

သို့သော် အခြေခံပညာဦးစီးဌာနအောက်ရှိ နေ့စားလပေးရုံးဝန်ထမ်းများအနေနှင့် ပြီးခဲ့သည့်မေလကုန်တွင် အနည်းဆုံးလုပ်ခလစာ မရရှိသေးဘဲ ယခင်နှုန်းထားဖြစ်သည့် တစ်ရက် ၃၆၀၀ ကျပ်သာ ရရှိသေးကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောကြားသည်။

“သူတို့ရဲ့လစာက ပျမ်းမျှ ၆၀,ဝ၀၀ လောက်ပဲရှိတယ်။ နောက် အိမ်လခတွေ၊ စားစရိတ်တွေရှိတယ်။ ဘယ်လိုမှ ရပ်တည်လို့မရဘူး။ ဒါကို တစ်လ ၆၀,ဝ၀၀ လောက်နဲ့ ဘယ်လိုမှ ရပ်တည်နေထိုင်ဖို့ အဆင်မပြေဘူး။ ဒီလိုဖြစ်နေတာလည်း ၂ နှစ်လောက်ရှိပြီဆိုတော့ တအားကြီးကို နစ်နာဆုံးရှုံးတဲ့ အနေအထားဖြစ်နေတယ်”ဟု ဦးဖြိုးဝေအောင်က ပြောကြားသည်။

ထို့ကြောင့် ယခုသီတင်းပတ်အတွင်း ပညာရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ နေ့စားလပေးရုံး ဝန်ထမ်း ၁၀၀ ဦးကျော်၏သဘောထား လက်မှတ်နှင့်အတူ စာပို့တောင်းဆိုမည်ဖြစ်ကြောင်း အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီထံမှ သိရှိရသည်။ 

J-19



FOLLOW US