News

POST TAGGED AS

လျှပ်စစ်စက်ရုံ

ဓာတ်လိုက်သေဆုံးမှုများအတွက် တာဝန်ရှိသူများကို အရေးယူပေးရန်တောင်းဆို
ရန်ကုန်၊ ဩဂုတ် ၁၅

ဓာတ်လိုက်လူသေဆုံးမှုများအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတာဝန်ရှိသူများကို စစ်ဆေး၊ အရေးယူပေးရေးနှင့် ကျောင်းသားများ လျှပ်စစ်အန္တရာယ်မရှိစေရန် အာမခံပေးရေး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ဦးကျော်က တောင်းဆိုထားကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ထိုအချက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းလျှပ်စစ်၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးထံသို့ ဩဂုတ်လ ၇ ရက်က စာပေးပို့တောင်ဆိုထားပြီး တောင်းဆိုချက်ကို အစိုးရအနေနှင့် ယခုလ ၂၂ ရက်အတွင်း အကြောင်းပြန်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုကောင်းခန့်ဦးက “လျှပ်စစ်အန္တရာယ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆေးကျောင်းတစ်ခုတည်း မဟုတ်ပါဘူး။ လူမသေလို့သာ မသိတာပါ။ နေရာတိုင်းလိုလိုမှာ ဖြစ်လေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရက မီးကြိုးတွေလဲတယ်လို့ကြားတယ်။ ကြားရုံပဲရှိတယ်။ သေသေချာချာ မတွေ့မြင်ရဘူး”ဟု ပြောကြားသည်။

လျှပ်စစ်အန္တရာယ်ကြောင့် သေဆုံးခဲ့မှုများအတွက် ခုံရုံးဖွဲ့ စစ်ဆေးသည်ဟု ကြားသိရသော်လည်း အရေးယူခြင်းမျိုး မတွေ့ရသဖြင့် ဝန်ကြီးဌာနအနေနှင့် တာဝန်ယူစစ်ဆေးပေးရန်နှင့် လျှပ်စစ်အန္တရာယ် ဖြစ်ပွားခဲ့သောနေရာများနှင့် ဖြစ်ပွားနိုင်သောနေရာများကို စစ်ဆေးဆောင်ရွက်ပေးစေလိုကြောင်း ကိုကောင်းခန့်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ရန်ကုန်ဆေးတက္ကသိုလ် (၂) ဝင်းအတွင်းရှိ အားကစားရုံ၌ ကစားနေသော နောက်ဆုံးနှစ် ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်တွင်လည်း ရှစ်တန်းကျောင်းသားတစ်ဦး လမ်းပေါ်ပြတ်ကျနေသော ဓာတ်ကြိုးကိုနင်းမိကာသေဆုံးခဲ့သည်။

ထိုသို့ကျောင်းသား ၄၀၀၀ ကျော်၏ တောင်းဆိုမှုနှင့်ပတ်သက်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်ဦးစိုးမြင့်က “တောင်းဆိုစာ ရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်အတိုင်း ကျွန်တော်တို့ အမြဲမပြတ် လုပ်နေပါတယ်။ (အရေးယူမှုအပိုင်းကို) ဝန်ထမ်းစည်းမျဉ်းအရ ပြောလို့မရပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေပါတယ်”ဟု ပြောကြားသည်။

ဓာတ်လိုက်သေဆုံးမှုများတွင် သေဆုံးသူ၏ မိသားစုဝင်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထောက်ပံ့ကြေးအချို့ ပေးခဲ့သော်လည်း သေဆုံးမှုအတွက် တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူကြောင်းကိုမူ ပွင့်ပွင့်လင်းလင်း အသိပေး မထုတ်ပြန်ကြောင်း ရန်ကုန် ဆေးတက္ကသိုလ် (၂) ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

J-19



FOLLOW US