News

POST TAGGED AS

လိမ်လည်မှု

ပုလဲတွင် တောင်သူများကို ငွေချေးပေးမည်ဟုဆိုကာ ငွေလိမ်လည်မှုဖြစ်
ကလေး၊ မေ ၉ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ တောင်သူများကို ကုမ္ပဏီက ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောကြားသည်။ 

ပြီးခဲ့သည့်မေလ ၃ ရက်နေ့က ပုလဲ မြို့နယ် ရွာသာကျေးရွာအုပ်စု ရွာသာကျေးရွာနှင့် လိန်ကုန်းကျေးရွာတို့တွင် ကုမ္ပဏီကိုယ်စားလှယ်ဆိုသူ အမျိုးသမီးသည် တောင်သူများနှင့် တွေ့ဆုံကာ တစ်ဧကလျှင် ကျပ် ၁၀ သိန်း ချေးမည်ဖြစ်ကြောင်း၊ ချေးငှားလိုသူများက မှတ်ပုံတင်၊ ပုံစံ (၁၀) နှင့် မြေယာပုံစံ (၇) မိတ္တူများ ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းကိုလည်း တစ်ဦးလျှင် ကျပ် ၁၅၀၀ ပေးရမည်ဟု ကောက်ခံနေသဖြင့် မေလ ၄ ရက်နေ့က ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူမေးမြန်းရာမှ လိမ်လည် ငွေကြေးတောင်းသူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရကြောင်း ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

“သူပြတဲ့အချက်အလက်တွေအရ နိုင်ငံတော်အသိအမှတ်ပြုထားတဲ့ သက်သေ အထောက်အထားတစ်ခုမှ မပါဘူး။ သူတို့ ရေးချင်တာ ရေးထားတဲ့ ကုမ္ပဏီနာမည်ပဲပါတယ်။ ပထမတော့ သူ့ကိုတရားစွဲဖို့ပဲ။ ဒါပေမဲ့သူတို့ကောက်နေတဲ့ငွေက ကုမ္ပဏီက လူလက်ထဲမရောက်ခင် စစ်လိုက်တာဆိုတော့ သက်သေက မရဘူး။ ဒါနဲ့နောက်နောင် ဒီလိုမလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိ ရဲစခန်းမှာ ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်”ဟု ပုလဲမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောဆိုသည်။ 

တောင်သူများထံမှ ပုံစံ (၇) ရယူပြီး စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခွင့်ပြုထားသည်မှာ အစိုးရ၏ စိုက်ပျိုးရေးဘဏ်သာရှိပြီး အခြားမည်သည့် ကုမ္ပဏီကိုမှ ခွင့်ပြုထားခြင်းမရှိကြောင်း၊ တောင်သူများ အလိမ်မခံရစေရန် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျေးရွာများသို့ ကွင်းဆင်းရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေနှင့် မိမိကျေးရွာ ရပ်ကွက်အတွင်း ယင်းကဲ့သို့ ဖြစ်စဉ်ပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများထံ ချက်ချင်း အကြောင်းကြားပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

R-20



FOLLOW US