News

POST TAGGED AS

လယ်ယာ

07-Aug-2018

ရေကြီး လယ်ယာ
ရေကြီးမှုများ၏ အလွန်


ဦးမြင့်ကျော်တစ်ယောက် ရေပြင်ကြီးကို ငေးကြည့်ပြီး စိတ်ပျက်နေမိသည်။

အဘယ့်ကြောင့်ဆိုသော် သူစိုက်ထားသည့် လယ်ဧက ၂၀ ကျော် ရေအောက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ဒီနှစ် စပါးအောင်လျှင်ဆိုသည့် သူ့ရဲ့အတွေးတွေက ရေများအောက်တွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

“ဒီနှစ်လယ်ထဲထည့်ထားတာ သိန်းလေးငါးဆယ်လောက်ရှိတယ်။ ပြန်မရတော့တာထက် လယ်ကို ဘယ်လိုပြန်စိုက်ရမယ်ဆိုတာ တွေးမရဘူး။ အမတော်ကြေးကိစ္စက လယ်ပြန်တည်နိုင်မှ စိုက်လို့ရမှ ပြန်ဆပ်နိုင်မယ်” ဟု ဦးမြင့်ကျော်က ညည်းတွားပြောဆိုသည်။ 

ဦးမြင့်ကျော်သည် ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေ ကျေးရွာအုပ်စု ဝိုင်ပျဉ်ရေကျေးရွာတွင် နေထိုင်ပြီး လယ်ဧက ၂၀ ကျော်ပိုင်ဆိုင်သည့် အသက် ၄၆ နှစ် အရွယ် လယ်သမားကြီးတစ်ဦးဖြစ်သည်။

လက်ရှိ ဦးမြင့်ကျော်သည် အစိုးရထံမှ တစ်ဧက စိုက်ပျိုးစရိတ် ကျပ်တစ်သိန်းဖြင့် ၁၀ ဧကစာ ကျပ် ၁၀ သိန်းကို ချေးငှားထားသကဲ့သို့ ၎င်း၏ စုဆောင်းထားသည့်ငွေများဖြင့်ပါပေါင်း၍ စိုက်ထားသည့် လယ်ဧကတို့ ရေအောက်ရောက်သွားသည့်အတွက် ရတက်ပွေနေရခြင်းဖြစ်သည်။

ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှစတင်၍ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ စံချိန်တင်မြင့်တက်လာသည့်အတွက် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရွှေကျင်က ဦးမြင့်ကျော်ကဲ့သို့ ရတက်ပွေနေရသည့် တောင်သူဦးကြီးတွေ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် မည်မျှရှိနေမလဲ။ ၎င်းထက် ဆိုးရွားသည့်အဖြစ်အပျက်မျိုးများ ကြုံတွေ့နေရသူများလည်း ရှိကောင်းရှိနိုင်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်၊ စားသောက်ကုန်နှင့် ပြည်ပပို့ကုန်တစ်ခုဖြစ်သည့် စပါးအထွက်နှုန်းကိုပင် ထိခိုက်လာနိုင်သည့်အတွက် စပါးခင်းများ ပြန်လည်ရှင်သန်လာရေးသည် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်သည်။

ရွှေကျင်မြို့နယ်တစ်ခုလုံးဆိုပါက လယ်ဧကပေါင်း လေးသောင်းကျော် နစ်မြုပ်နေပြီဖြစ်ပြီး ဝိုင်ပျဉ်ရေ ကျေးရွာ ကွင်းပေါင်း ၆ ကွင်း စိုက်ဧက ၁၃၀၀ ခန့် ရေဝင်နစ်မြုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ထို့အတွက် ယခုနှစ် စပါးစိုက်ရာသီအတွင်း စပါးအဓိကစိုက်ပျိုးသည့် ပဲခူးတိုင်းအပါအဝင် မွန်နှင့် ကရင်တို့တွင် ရေကြီးရေလျှံမှုများကြောင့် စိုက်ဧက ခုနစ်သိန်းကျော် ရေနစ်မြုပ်ခဲ့ရသည်ဟု ဇူလိုင် ၂၇ ရက်နေ့က စာရင်းထွက်ထားပြီး လက်ရှိအခြေအနေအရ ယင်းစာရင်းထက် ရေနစ်မြုပ်မှုစာရင်း များပြားလာနိုင်သကဲ့သို့ ပျက်စီးဆုံးရှုံးမှုစာရင်းလည်း ပိုမိုများပြားလာနိုင်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆိုသည်။

“လယ်က ရေမြုပ်နေတယ်။ ကိုယ်တိုင်လည်း ဘယ်လိုပြန်စိုက်မလဲ။ စိုက်လို့ရော မီမလား တွေးနေတုန်းပဲ။ ဆယ်နှစ်စိုက်ရင် သုံးလေးနှစ်လောက်တော့ ပျက်နေတော့လေ” ဟု သက်ပြင်းချရင်း ဦးမြင့်ကျော်က ပြောဆိုသည်။

လတ်တလော ဆန်ဈေးကွက်အတွင်း၌လည်း ပြီးခဲ့သည့်နှစ်က ပြည်ပသို့ စံချိန်တင်ပမာဏအဖြစ် တန်ချိန် သုံးသန်းခွဲအထိ တင်ပို့ထားသည့်အတွက် ဆန်လက်ကျန်နည်းပါးမှုကို ကြုံတွေ့နေရပြီး ပြည်သူများ ဈေးကြီးပေးဝယ်စားနေရခြင်းနှင့် ရင်ဆိုင်နေရသည်။

လက်ရှိရေနစ်မြုပ်ထားသည့်စာရင်းမှ သုံးသိန်းကျော်မှာ ပျက်စီးသွားပြီး ယင်းပျက်စီးစာရင်းတွင် နှမ်းစိုက်ခင်း နှစ်သိန်းနှင့် မိုးစပါးစိုက်ခင်း တစ်သိန်း ပျက်စီး၍ ပျက်စီးစာရင်းထပ်တိုးရာတွင် မိုးစပါးစိုက်ဧကစာရင်းသာဖြစ်နိုင်ကြောင်း အဆိုပါဌာန ဒုတိယ အတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆိုသည်။

ထိုသို့ ပျက်စီးသွားသည့် စိုက်ခင်းများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် ပြည်တွင်း NGO အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဆန်စပါး ကုန်သည်များအသင်းတို့မှ ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ဆီမှာ အရန်မျိုးစပါး တင်းခုနစ် သောင်းလောက်ရှိပါတယ်။ ကျွန်တော်တို့ တစ်ဧကကို မျိုးစပါး တစ်တင်းနှုန်းနဲ့ ထောက်ပံ့ပေးမှာပါ။ လိုတာရှိရင်လည်း တခြားအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ဆီက မျိုးစပါးအဖွဲ့တွေဆီက ယူလို့ရပါတယ်” ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ရေပြန်ကျလာပါက မျိုးစပါးတင်း ၃၀၀၀ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆိုထားသကဲ့သို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းကလည်း မွန်ပြည်နယ်သို့ ရက် ၉၀ မျိုးစပါး တင်း ၁၀၀၀ နှင့် ကရင်ပြည်နယ်သို့ ကျပ် သိန်း ၂၀ လှူဒါန်းမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ဖထီးတို့ကျောက်ကြီးမှာ ရေဖုံးတာ ဧက သောင်းချီရှိမယ်။ ဖထီးတစ်ယောက်တည်းတောင် ၁၀ ဧကလောက် ရှိတယ်။ ဘယ်လောက်ဆုံးရှုံးမယ်ဆိုတာ မသိရသေးသလို အစိုးရက ထောက်ပံ့မယ် မထောက်ပံ့ဘူးဆိုတာ မသိဘူး။ ထောက်ပံ့ပေးမယ်ဆိုတာ တကယ်ဖြစ်ပါစေ ဆုတောင်းရမှာပေါ့” ဟု ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာမှ တောင်သူ စောကြည်စိုးက ဖွင့်ဟပြောဆိုသည်။

စိုက်ခင်းအပျက်အစီးများကို ပြန်လည်စိုက်ပျိုးရန် အဓိကကူညီပေးမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ပံ့ရန် ပြင်ဆင်နေသည့်အပေါ် ၎င်းက ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးမြင့်ကျော်ကတော့ မျိုးစပါးထောက်ပံ့ပေးမည်ဆိုပါက ကောင်းမည်ဟု သူ၏ သဘောထားကို ဖွင့်ဟသည်။

မြန်မာနိုင်ငံ၌ မိုးစပါးကို ဇူလိုင်လဆန်းပိုင်းမှစတင်စိုက်ပျိုးကြသည့်အတွက် ယခုရေကြီးမှုကြောင့် ပျက်စီးသွားသည့်စပါးများကို ပြန်လည်စိုက်ပျိုးမည်ဆိုပါက အချိန်မီနိုင်မည်ဖြစ်သည်ဟု လယ်သမားများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသိုင်းအဝိုင်းက ဆိုကြသည်။

“ရက် ၉၀၊ ရက် ၁၀၀ စပါးတွေဆိုရင် အချိန်ကောင်းကောင်းမီပါတယ်။ တစ်ခုပဲ မိုးစပါးဆိုရင်တော့ ရိတ်သိမ်းချိန် နောက်ကျနိုင်တယ်။ နောက်ကျရင် ဘာဖြစ်မလဲဆိုတော့ ရာသီပြောင်းသွားမှာဖြစ်တဲ့အတွက် အထွက်နှုန်းကိုတော့ နည်းနည်းထိခိုက်နိုင်ခြေရှိတယ်” ဟု ဦးမျိုးတင့်ထွန်းက ဆိုသည်။

မည်သို့ပင်ဆိုစေ ယခုရေနစ်မြုပ်ခဲ့သည့်အတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် တစ်ဧက ကျပ်သိန်းချီ အကုန်ခံ စိုက်ပျိုးထားသည့် လယ်ဧက နှစ်ဆယ်ကျော်မှ ရနိုင်မည့် စပါးနှစ်ထောင်နီးပါးက ကာလပေါက်ဈေး ကျပ်သိန်းတစ်ရာနီးပါးပေါ်လာပါက ရိတ်သိမ်းခြွေလှေ့ စက်ကို အရစ်ကျနှင့်ဝယ်မည်ဟု လင်မယားနှစ်ယောက် တိုင်ပင်ထားသည့်အိပ်မက်က ဆောင်းတွင်းအိပ်မက်ဖြစ်သွားရပြီဟု ဦးမြင့်ကျော်က ဆိုသည်။

ဦးမြင့်ကျော်တွင် တက္ကသိုလ်တက်နေသည့် သမီးတစ်ဦး၊ ကိုးတန်းကျောင်းသူတစ်ဦးနှင့် ကိုးတန်းနှင့် ကျောင်းထွက်ထားသည့် သားတစ်ဦးရှိလေသည်။ သူတို့၏ ကျောင်းစရိတ်နှင့် စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးခြင်းမှရသည့် ငွေများဖြင့် သုံးစွဲနေရသည့်အတွက် ယခုပျက်စီးဆုံးရှုံးမှုကြောင့် ဦးမြင့်ကျော် တွေးလိုက်တိုင်း အသက်ရှူများ ရပ်တန့်စေသည်အထိ ရင်မအေးဖြစ်နေရသည်။

အခုအခြေအနေဆိုပါက မနှစ်က အရစ်ကျဖြင့် ဝယ်ထားသည့် ထွန်စက်ကို အရစ်ကျပေးသွင်းမှု မပြီးဆုံးမီ ပိုင်ရှင်သစ်ထံ လက်လွှဲရတော့မည့်အရေးသို့ ဆိုက်ရောက်နေလေပြီဟု ဦးမြင့်ကျော်က ညည်းတွားလိုက်လေသည်။

ဇူလိုင်လ ၂၃ ရက်နေ့က စတင်ရွာသွန်းခဲ့သည့် ရွှေမိုးက ယခုတော့ ရွှေမိုးမဟုတ် ပွဲဖျက်မိုးဖြစ်ပြီဟု ဝိုင်ပျဉ်ရေ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်သကဲ့သို့ တောင်သူတစ်ဦးလည်းဖြစ်သည့် ဦးတင်ထွန်းက ပြောဆိုသည်။

“ရွှေကျင်မှာ ဒီလောက်မြစ်ရေမတက်တာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီ။ ကျွန်တော့်လယ်တွေလည်း ရေကျနေပြီဆိုပေမယ့် အပင်တောင် မမြင်ရသေးဘူး။ တစ်ဧက ကျပ်နှစ်သိန်းလောက် အကုန်ကျခံစိုက်ထားတဲ့ ၉ ဧကလောက် ရေထဲမျောပါသွားပြီ” ဟု ၎င်းရဲ့အတွေ့အကြုံကို ပြောဆိုသည်။

ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေကျေးရွာအုပ်စု ကျေးရွာများမှ မိုးစပါးစိုက်ဧက ၁၄၀၀ ခန့် ရေဝင်နစ်မြုပ်နေခြင်းသာမဟုတ်၊ ဇူလိုင်လ ၂၃ ရက်နေ့က စတင်ပြီးရွာသွန်းခဲ့သည့်မိုးကြောင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ မဒေါက်၊ ပဲခူး၊ ကျောက်ကြီး၊ တောင်ငူနှင့် ကျောက်တံခါးမြို့နယ်များရှိ စပါးစိုက်ဧကလေးသိန်းလေးသောင်းကျော် ရေဝင်နစ်မြုပ်နေရခြင်းဖြစ်သည်။

လက်ရှိတစ်နိုင်ငံလုံးအနေအထားဖြင့် ရေကြီးခြင်းကြောင့် ကရင်ပြည်နယ်တွင်လည်း လယ်ဧက ၂ သိန်းကျော်ရေနစ်မြုပ်ခဲ့ပြီး လတ်တလော ရေပြန်ကျနေပြီဖြစ်သည့်အတွက် စိုက်ဧက ၃၀၀၀ ခန့် ပြန်လည် ပေါ်ပေါက်လာရာတွင် ဧက ၁၂၀ ကျော် ပျက်စီးထားသည်။

“မိုးစပါးက တစ်ပတ်လောက် ရေမြုပ်ရင်ကုန်ပြီ။ ဒါပေမဲ့ တောင်သူက ရေဒဏ်ခံနိုင်တဲ့မျိုးကို စိုက်မယ်ဆိုရင် ဆုံးရှုံးမှုသက်သာလိမ့်မယ်။ ကျွန်တော့် လယ်သုံးဧကလောက်တော့ပျက်သွားတယ်” ဟု တောင်သူကြီးတစ်ဦးက ပြောကြားသည်။

ရေဝင်နစ်မြုပ်သည့်လယ်တိုင်း ပျက်စီးသည်ဟု ပြောမရဘဲ ရေပြန်ကျမှသာ စိုက်ဧက မည်ရွေ့မည်မျှ ပျက်စီးသည်ကို သိရှိရမည်ဖြစ်ပြီး ပျက်စီးမှုအပေါ် မူတည်၍ မျိုးစပါးမျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောကြားသည်။

လက်ရှိရေကြီးခဲ့သည့် တိုင်းနှင့် ပြည်နယ်သုံးခုတွင် ရေများ တဖြည်းဖြည်းပြန်လည်ကျဆင်းလာပြီဖြစ်ပြီး ရေဘေးရှောင်သူများအနေနှင့်လည်း မိမိတို့ အိမ်ရာ၊ အလုပ်အကိုင်၊ လယ်ယာမြေများထံသို့ ပြန်ချင်နေကြပြီဖြစ်သည်။ ဇူလိုင်လက ကြီးခဲ့သည့်မိုးနှင့် မြစ်ရေကြောင့် လူတစ်သိန်းခန့် ရေဘေးသင့်ခဲ့ရပြီ ဖြစ်သကဲ့သို့ အဓိက ထုတ်ကုန် စပါးတို့သည်လည်း သိန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးရတော့မည်ဖြစ်သည်။

ထို့ကြောင့် ဦးမြင့်ကျော်ကဲ့သို့ လယ်သမားတို့ ရင်ပူနေကြရသည်။

ဦးမြင့်ကျော်တစ်ယောက်လည်း ရေပြင်ကြီးကို ကြည့်၍ တွေးရင်းငေးရင်းဖြင့် သက်ပြင်းတို့ကိုသာ အခါခါချနေရသည်။ သူပိုင်သည့် ဧက ၂၀ ထဲမှ မည်မျှ ပျက်စီးသွားမည်ကို တွက်ချက်နေမိသည်။

ရွှေရောင်တဝင်းဝင်းဖြင့် မျိုးကောင်းစပါးခင်းတို့ကို မြင်နိုင်ဖို့အရေး မွန်၊ ပဲခူးနှင့် ကရင်ပြည်နယ်တို့ရှိ တောင်သူတို့ ပူပင်နေကြရသည်။ ဤအပူကို မည်သူတို့ ငြှိမ်းပေးနိုင်မည်နည်း။

ဟိန်းမြတ်စိုး၊ ဇေယျာကို



FOLLOW US