News

POST TAGGED AS

လယ်ယာ

24-Jul-2018

အမေရိကန် လယ်ယာ
အမေရိကသို့ မြန်မာ့လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေး


ရန်ကုန်၊ ဇူလိုင် ၂၃

အမေရိကန်ပြည်ထောင်စုသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်းနှင့် အခြားသစ်သီးဝလံများ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဇူလိုင်လ ၂၀ ရက်နေ့က United States Department of Agriculture (USDA) မှ Undersecretary Mr. Mckinney ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် အမေရိကတို့အကြား အပင်နှင့်အပင်ထွက်ပစ္စည်းများ ကုန်သွယ်မှုပြုလုပ်ရာတွင် သီးနှံဖျက် ပိုးကျရောက်မှုအန္တရာယ်ကို စိစစ်တွက်ချက်ရန်နှင့် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အဓိကက နှစ်နိုင်ငံကုန်သွယ်မှုမြှင့်ချင်လို့ လာတာပါ။ ကုန်သွယ်မှုမြှင့်ရင် သူတို့ဆီက နည်းဥပဒေတွေ လိုက်နာဖို့လိုတယ်။ အဲဒါတွေအတွက် လိုအပ်ရင် သူတို့ သင်တန်းပေးနိုင်တယ်ပေါ့။ သူတို့ဆီက လုပ်ငန်းရှင်တွေကိုလည်း ဒီမှာရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းနေတယ်ပေါ့။ ဒီအချက်တွေကို လာဆွေးနွေးတာပါ” ဟု ဒေါက်တာ ထွန်းလွင်ကပြောဆိုသည်။

အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်မှုဆိုင်ရာ နည်းဥပဒေအချို့ကို တင်းကျပ်လိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်နိုင်သဖြင့် အမေရိကမှ လိုအပ်ပါကသင်တန်းများပေးရန်နှင့် မြန်မာ-အမေရိက နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန် အဓိကလာရောက် ဆွေးနွေးခြင်းဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ပါ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

J-11



FOLLOW US