News

POST TAGGED AS

လယ်ယာ

စိုက်ပျိုးချိန်အမီ လယ်ယာမြေဆိုင်ရာ အခွင့်အရေးများရရှိရေး ဧရာဝတီတိုင်းအစိုးရထံ တောင်းဆို
ပုသိမ်၊ ဇွန် ၂၅

ယခုနှစ်မိုးရာသီစိုက်ပျိုးချိန်အမီ လယ်ယာမြေဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘိုကလေး၊ ဖျာပုံနှင့် ညောင်တုန်းမြို့နယ်တို့မှ တောင်သူများက ဧရာဝတီတိုင်းဒေသကြီးအစိုးရထံသို့ တင်ပြတောင်းဆိုထားကြောင်း ၎င်းတို့ထံမှသိရသည်။

လက်ရှိစိုက်ပျိုးနေသော လယ်ယာမြေများကို သစ်တောမြေများအဖြစ်မှ ပယ်ဖျက်ပေးရေး၊ သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ ၇ ရရှိရေး၊ စိုက်ပျိုးစရိတ် ချေးငွေများရရှိရေးအတွက် တောင်သူများက အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း မရရှိသေးသည့်အတွက် လူမှုစီးပွားအခက်အခဲများနှင့် တွေ့ကြုံနေရသည့်အတွက် ဇွန်လ ၂၀ ရက်က နောက်ဆုံးတင်ပြတောင်းဆိုထားကြောင်း ၎င်းတို့ထံမှသိရသည်။

“ဒီနေရာတွေမှာ စိုက်ပျိုးခဲ့ချိန်က တာဝန်ကျေခဲ့ရပါတယ်။ နာဂစ်မုန်တိုင်း ဒဏ်သင့်ခဲ့ရတဲ့ ဒေသဖြစ်ပါတယ်၊ ဆတ်ကျွန်းဒေသမှာ ဧက ၉၀၀၀ အနက် ဧက ၃၀၀၀ ကျော် ပုံစံ ၇ ရရှိပေမယ့် ကျန်သူတွေမရသေးဘူး။ သစ်တောမြေ မပယ်ဖျက်ရသေးတာကိုလည်း ပယ်ဖျက်ပေးစေချင်ပါတယ်။ ကြိမ်ချောင်းကြီး ကျေးရွာလည်း ဆတ်ကျွန်းလို ပုံစံ ၇ မရတာတွေရှိနေတယ်”ဟု ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီး၊ ဆတ်ကျွန်းကျေးရွာက တောင်သူ ဦးမြသန်းက ပြောဆိုသည်။

မြို့နယ် ၃ ခုမှ တောင်သူများ၏ တင်ပြတောင်းဆိုမှုများနှင့်ပတ်သက်ပြီး လိုအပ်သည့် အထောက်အထား အချက်အလက်များပြုစုကာ အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ လယ်ယာမြေနှင့် အခြားမြေများ အငြင်းပွားမှု စိစစ်ရေးကော်မတီတို့ထံ တင်ပြလာပါက စိုက်ပျိုးချိန်အမီ လယ်ယာမြေဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက The Voice Daily သို့ ပြောကြားသည်။ 

R-12



FOLLOW US