News

POST TAGGED AS

ရှမ်းပြည်

26-Jul-2018

သေနတ် ဟုမ္မလင်း
ဟုမ္မလင်းတွင် ရဲကသေနတ်ဖြင့်ပစ်၍ လူငယ်နှစ်ဦးသေဆုံးမှု မိသားစုဝင်များရှင်း
မုံရွာ၊ ဇူလိုင် ၂၅

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင် ပြီးခဲ့သည့်ဧပြီလ ၁၇ ရက်နေ့က ညီအစ်ကိုနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ယင်းလူငယ် နှစ်ဦးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ မိသားစုဝင်များက မုံရွာမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဆာဖာကျေးရွာတွင် နေထိုင်သော လူငယ်နှစ်ဦးကို ရွှေပြည်အေးရဲကင်းမှ ဒုတပ်ကြပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုတွင် ကျူးလွန်သူသာ အစစ်ဆေးခံနေရပြီး ကြံရာပါများမှာ လွတ်မြောက်နေသည်ဟုဆိုကာ ယင်းညီအစ်ကိုနှစ်ဦး၏ဖခင်ဖြစ်သူက အဆိုပါအမှုမှ မျက်မြင်သက်သေ သုံးဦးနှင့်အတူ မုံရွာမြို့၌ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သေနတ်နဲ့ပစ်သတ်တာ ဒုတပ်ကြပ် တစ်ဦးတည်းမဟုတ်ပါဘူး။ သူ့အထက်အရာရှိ ရဲကင်းမှူးနှစ်ပွင့် ရဲအုပ်အမိန့်ပေးလို့ ပစ်တာ။ ကလေးတွေ ဆိုင်ကယ်ကို ပိတ်ရပ်တဲ့ ရဲသတင်းပေးနှစ်ဦးကလည်း လွတ်မြောက်နေတယ်။ အခုချိန်အထိ ရွှေပြည်အေးမြို့သစ်မှာပဲ ရှိနေတယ်။ သူတို့ နှစ်ယောက်က သက်သေဖြစ်နေတယ်”ဟု သေဆုံးသူ၏ဖခင် ဦးလှမိုးက ပြောဆိုသည်။

အဆိုပါ ညီအစ်ကိုနှစ်ဦးသည် အခင်းဖြစ်သည့်နေ့က ရေကစားမဏ္ဍပ်တွင် ရန်ပြုနေသဖြင့် ရွှေပြည်အေးရဲကင်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက သွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း ၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး၍ လိုက်လံဖမ်းဆီးရာ၌ ရွှေပြည်အေး သစ်ပါးလွှာစက်ရုံရှေ့ လမ်းမပေါ် အရောက်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာတွင် ကျည်ဆန်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် သေနတ်နှင့်ပစ်ခဲ့သူ ဒုတပ်ကြပ် ခိုင်ဇာထွန်းမှာ အမှုဖွင့် အရေးယူခံထားရပြီး မိမိတို့သေဆုံးသူဘက်မှ ရွာသက်သေများကို အခင်းဖြစ်စဉ်က တစ်ကြိမ်၊ ယခုလဆန်းကတစ်ကြိမ်သာ စစ်မေးထားကြောင်း၊ အခြားသောကြံရာပါများကို အပြစ်မှလွှတ်ထားခြင်းကို မကျေနပ်ဘဲ သေဆုံးသူသားနှစ်ဦးမှာ မိဘလုပ်ကျွေးနေသူများဖြစ်၍ သေဆုံးမှုအတွက် နိုင်ငံတော်က နစ်နာကြေးပေးစေလိုကြောင်း ဦးလှမိုးက ပြောကြားသည်။

အဆိုပါအမှုကို ဒုရဲအုပ်စိုင်းမင်းအောင် ဟုမ္မလင်းမြို့မစခန်းက တရားလိုပြုလုပ်ကာ ရဲဒုတပ်ကြပ် ခိုင်ဇာထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ အမှုအမှတ် ၁၉၁/၂၀၁၈ဖြင့် အရေးယူထားကြောင်း ဟုမ္မလင်းမြို့မရဲစခန်းထံမှ သိရသည်။

သေဆုံးသူနှစ်ဦးသည် ရွှေပြည်အေးမြို့ထဲတွင် သောင်းကျန်းနေကြောင်း ရပ်မိရပ်ဖတစ်ဦးက သတင်းပေးသည့်အတွက် လိုက်လံဖမ်းဆီးရာတွင် တစ်နေရာမှတစ်နေရာသို့ ထွက်ပြေးနေသဖြင့် ဒုတပ်ကြပ်က သေနတ်ဖြင့်တစ်ချက်တည်း ပစ်ခတ်ခဲ့ရာ လူငယ်နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ရဲကင်းမှူးအနေနှင့် အမိန့်ပေးခြင်း မရှိခဲ့ကြောင်း ယခုလက်ရှိတွင် ယင်းအမှုကို ခန္တီးခရိုင်တရားရုံး၌ စစ်ဆေးနေပြီး ပစ်ခတ်ခဲ့သူ ခိုင်ဇာထွန်းနှင့် ရဲကင်းမှူးကို ရဲစည်းကမ်း၊ ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူထားကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြပြောဆိုသည်။

R-08



FOLLOW US