News

POST TAGGED AS

ရှစ်လေးလုံး

တိုက်ရိုက်လျှောက်ခွင့်ရ တက္ကသိုလ်ဝင်ခွင့်ရသူစာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း


ရန်ကုန်၊ ဩဂုတ် ၇

တိုက်ရိုက်လျှောက်ခွင့်ပြုလိုက်သည့် တက္ကသိုလ် ၁၁ ခုလုံး၏ ကျောင်းဝင်ခွင့်ရသူများစာရင်းကို မူလသတ်မှတ်ရက်တွင် ကြေညာမည်မဟုတ်တော့ဘဲ စက်တင်ဘာလလယ်ပိုင်း ရောက်မှသာ ကြေညာပေးတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက သတင်းထုတ်ပြန်သည်။

တက္ကသိုလ် ၁၁ ခုအနက် အများစုက ကျောင်းဝင်ခွင့်ရသူများစာရင်းကို ဩဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မူလက ကြေညာထားပြီးဖြစ်သော်လည်း စက်တင်ဘာလ ၁၇ ရက်ရောက်မှသာ တက္ကသိုလ် ၁၁ ခုလုံး၏ ဝင်ခွင့်ရသူများစာရင်းကို တစ်ပြိုင်တည်းကြေညာမည်ဖြစ်သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ဆေးတက္ကသိုလ်တက်ရောက်မည့်သူများအတွက် ပိုမိုလွယ်ကူစေရန် တက္ကသိုလ် ပါမောက္ခချုပ်များနှင့် အဆင့်မြင့်ပညာဦးစီး ဌာနတာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ပြီးနောက် ယခုကဲ့သို့ ရက်ရွှေ့လိုက်ခြင်းဖြစ်ကြောင်း ဩဂုတ်လ ၇ ရက်တွင် ပြောကြားသည်။

“ဥပမာဆိုရရင် ကျွန်တော်တို့ တက္ကသိုလ်ကို လာလျှောက်တဲ့သူထဲမှာ ဆေးတက္ကသိုလ် လျှောက်ထားတဲ့သူ တော်တော်များများပါတယ်။ အဲဒီလူတွေက လက်ရှိရွေးချယ်ခွင့် မခံခဲ့ရရင် ဆေးတက္ကသိုလ်ကို ဖြောင့်ဖြောင့်မတ်မတ်သွားလို့ မရဘူးဆိုတဲ့ပုံစံ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ၁၁ ကျောင်းကိုလျှောက်၊ ၁၁ ကျောင်းကယူပြီးမှ ကျန်တာကို အဆင့်မြင့်ကို ပြန်ပို့ဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် သူတို့ အလွယ်တကူသွားလို့ရအောင်ပါ”ဟု ပြောကြားသည်။

ဝင်ခွင့်ရသူစာရင်းထုတ်ပြန်မည့်ရက် နောက်ဆုတ်ရခြင်းအကြောင်းအရင်းကို မေးမြန်းရန် အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများထံ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေးရောက်ရှိနေသောကြောင့် မေးမြန်းခွင့်မရရှိပေ။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့က ကျောင်းဝင်ခွင့်ကို တိုက်ရိုက်ရွေးချယ်ခြင်း ဖြစ်သည်။

J-19



FOLLOW US