News

POST TAGGED AS

ရုပ်သံ

မြန်မာ့ မြန်မာ့ ရုပ်ရှင် ...
မြန်မာ့ရုပ်ရှင် (၉၆) နှစ်ပြည့် အခါသမယ။ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ခိုးကူးခွေ ပပျောက်ရေး စီမံဆဲကာလ ဖြစ်သည်။

အဖြစ်အပျက်က တိုက်ဆိုင်လွန်းသည်။
ထိုအချိန်တွင် ‘မြန်မာပေါကားများရပ်၊ မြန်မာကားမကြိုက်သူများ တွေ့ဆုံပွဲ’ ဆိုသည့် လူမှုကွန်ရက် Event ပေါ်ထွက်လာသည်။

ကုန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်အတွင်း မြန်မာ့ရုပ်ရှင်အကြောင်း စိတ်ဝင်တစား ပြောဆိုဆွေးနွေးမှု နည်းပါးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လူပေါင်းသောင်းနှင့်ချီ၍ မြန်မာ့ရုပ်ရှင်အကြောင်း ဝေဖန်ပြောဆိုနေကြသည်။

Facebook စာမျက်နှာတွင် Event ပွဲတစ်ခုစီစဉ်လျှင် အလွန်ဆုံး လူအများဆုံး စိတ်ဝင်စားလျှင် ထောင်ဂဏန်းသာ ရှိတတ် သ်ာလည်း မြန်မာပေါကားတွေရပ်၊ မြန်မာပေါကား မကြိုက်ကြသူများ Event ပွဲကို မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ် သောင်းဂဏန်းက ပါဝင်ဆင်နွှဲနေခြင်း ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ပြုလုပ်ရန် စီစဉ်ထားသော ထိုပွဲသို့ လာရောက်ရန် စာရင်းပေးထားသူ ဦးရေမှာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှ ၁၃ ရက်နေ့ ညနေပိုင်းအထိ လူပေါင်းသုံးသောင်းကျော်ပြီး လာရောက်ရန် စိတ်ဝင်စားသူပေါင်း လေးသောင်းနီးပါးအထိ ရှိနေသည်။

ခိုးကူးခွေ ပပျောက်ရေး စီမံချက် သတင်းကြောင့် အခွေအရောင်းဆိုင်များ ပိတ်ထားရခြင်းက ထိုပွဲစတင်ရသည့် အကြောင်းရင်း ဖြစ်သည်။

“ကြားသလောက်ကတော့ နိုင်ငံခြားကို ပိတ်တာထက် ခိုးကူးခွေကို ပိတ်တယ်ဆိုပြီး ပြောတာပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာရောင်းတဲ့ နိုင်ငံခြားကားတွေ အကုန်လုံးက ခိုးကူးတွေပဲ ရှိတာကိုး။ ဒါကြောင့်လည်း ပထမဆုံးအနေနဲ့ ဒီ Event က ပေါ်လာတာ။ ပြီးတော့ သူတို့ဖျက်သွားလို့  ကျွန်တော်က ပရိသတ်တွေ ပြောလို့ရအောင် ဒါကိုလုပ်လိုက်တာ” ဟု မြန်မာပေါကား မကြိုက်ကြသူများ Event စီစဉ်သူ ကိုကျော်ထင်သာက ဆိုသည်။

အမှန်တကယ် ပွဲကျင်းပမည့်ရက်ကို မရောက်သေး။

ထိုပွဲနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင်သာ ပြောဆိုဆွေးနွေးမှု ရှိသေးသည်။ အပြုသဘော ဝေဖန်ထောက်ပြသူများ ရှိသလို ကဲ့ရဲ့ရှုတ်ချမှုသက်သက် ပေါ်ပင်ဆွမ်းကြီးလောင်းသူများလည်း ရှိသည်။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုများ၏ ချစ်ကြိုက် ညားကွဲ မဲပြာပုဆိုး ဇာတ်လမ်း၊ ခေါက်ရိုးကျိုး သရုပ်ဆောင်မှု၊ ယုတ္တိနည်းပါးမှု၊ ဟာသအတွေး အမြင်မပါသော ဟာသကားရိုက်ကူးမှု၊ နိုင်ငံခြားဇာတ်ကားများကို ရိုက်ကွင်းရိုက်ကွက်မှအစ ပုံတူကူးချ ရိုက်ကူးမှုတို့ကို ထို Event တွင် ဝေဖန်ထားကြသည်။

“မြန်မာကားဆိုပြီးတော့ ဗီဒီယိုနှစ်ချပ်၊ သုံးချပ်လောက် အိမ်မှာ အပျင်းပြေကြည့်မယ် ဆိုပြီး ကြည့်လိုက်တယ်ဆိုရင် ကိုယ့်စိတ်နဲ့ အခန့်မသင့်တာများတယ်။ ၁၅ မိနစ်လောက်ဆိုရင် ဘာဖြစ်မယ်၊ ဘာကြီးဆိုတာ သိနေပြီ” ဟု ကိုကျော်ထင်သာက ဆိုသည်။

ထိုသို့ ဝေဖန်ထောက်ပြမှုနှင့် ငြိနေသော ရုပ်ရှင်၊ ဗီဒီယိုကား အရေအတွက်က တစ်ကား၊ နှစ်ကား မဟုတ်၊ အများအပြား ဖြစ်သည်။

“သဘောကတော့ ၁၀၀ ရာခိုင်နှုန်း  ကောင်းရမယ့်အခန်းကို ဦးထွန်းထွန်းဝင်းတို့က ၆၀ ရာခိုင်နှုန်းလောက်ပဲ ကျေနပ်ပြီး တင်ပြလိုက်တာတွေ ရှိတယ်။ အဲဒီလို အခန်းတွေ များများသွားတော့ အပြောခံရတာပေါ့။ ခိုတာတွေ များလာတော့ အပြောအဆို ခံရမှာပေါ့။ အဲဒီလို များများဝေဖန်ပေးတော့  ဦးတို့ ဆင်ခြင်ရမှာပေါ့” ဟု ဝါရင့်သရုပ်ဆောင်  ဦးထွန်းထွန်းဝင်းက ဆိုသည်။

မြန်မာဗီဒီယိုဇာတ်ကား တစ်ကား၏  စကားပြောခန်းတစ်ခုကို အခြေတည်ပြီး နောက်ပိုင်းဆက်ဖြစ်မည့် အခြေအနေကို တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ပြောပြနိုင်သည်အထိ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုများကလည်း မွဲတေရိုးစင်းလှသည်။

ထိုဝေဖန်ထောက်ပြမှုအပေါ် ရုပ်ရှင်၊ ဗီဒီယိုလောကမှ အနုပညာရှင်တချို့က ခပ်ကြမ်းကြမ်း ပြန်တုံ့ပြန်သည်။

အချို့က ဆဲသည်၊ အချို့က နိုင်ငံရေးနှင့် နှီးနွယ်ကာ တရားစွဲမည် ဆိုသည်။ အချို့က ရှိသမျှ နယ်ပယ်တိုင်းကို လက်ညှိးပြန်ထိုး ဆွဲထည့်ဝှေ့ရမ်းသည်။ အချို့က ရေးပြ၊ ပြောပြရန် ခက်ခဲလှသည့် ရုန့်ရင်းကြမ်းတမ်းစွာ ဆိုသည်။

ထိုသူများသည် အများနှင့် သက်ဆိုင်သော ရုပ်ရှင်အနုပညာရှင်များ ဖြစ်ကြသည်။

“ကျွန်တော်တို့ ပြောတဲ့စကားက သူတို့အတွက် ယုတ္တိရှိတယ်ဆိုလည်း လက်ခံလိုက်ပါ၊ ယုတ္တိမရှိဘူး ဆိုလည်း လက်မခံပါနဲ့။ ကိုယ့်ပြည်တွင်းက ထွက်တဲ့ကား သူများနိုင်ငံမှာ သွားမပြရင်တောင်မှ ကိုယ့်ပြည်တွင်းမှာ ပြတဲ့အခါ စိတ်ကျေနပ်မှုတော့ ရချင်တယ်။ အဲဒီဆန္ဒ တစ်ခုတည်းပါပဲ” ဟု မြန်မာ့ရုပ်ရှင်ဇာတ်ကားများအပေါ် ဝေဖန်ရခြင်း အကြောင်းကို ကိုကျော်ထင်သာက ပြောပြသည်။

ပရိသတ်များ၏ ဝေဖန်မှုကို ပြန်လည်အကြောင်းပြသည့် အဓိကသုံးချက်မှာ ငွေကြေးအရင်းအနှီး၊ ရုပ်ရှင်စတူဒီယိုနှင့် စက်ပစ္စည်းကိရိယာနှင့် နည်းပညာ မပြည့်စုံ မလုံလောက်မှုကြောင့် ဖြစ်ကြောင်း ရုပ်ရှင်လောကသားများက ဆိုကြသည်။

“သူတို့နှစ်ပေါင်းများစွာ ပြောလာခဲ့တာပေါ့။ အဲဒီတုန်းကလည်း ကိုယ်က အဲဒါကို သဘောမတူဘူး။ သဘောမတူဘူးဆိုတာ ကိုယ်ရှုမြင်ပုံနဲ့ သူတို့ရှုမြင်ပုံ မတူတာပဲ ဖြစ်လိမ့်မယ်။ ကိုယ်ရှုမြင်တဲ့ မြန်မာ့ရုပ်ရှင်ကျဆင်းရခြင်း အကြောင်းက ဇာတ်ညွှန်းကောင်းတွေ ရေးနိုင်တဲ့ ဇာတ်ညွှန်းရေးဆရာ မရှိခြင်းပဲ” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

မြန်မာ့ရုပ်ရှင်အကြောင်း မြိန်ရေရှက်ရေ ပြောလိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း လေး၊ ငါးဆယ်က ရိုက်ကူးခဲ့သည့် အဖြူအမည်း ရုပ်ရှင်များ အကြောင်းကိုသာ ပြောရပေမည်။

ဂန္ထဝင် အနုပညာရှင်ကြီးများ ဖြစ်ကြသည့် ဆရာကြီး ဦးသုခ၊ ဦးသာဓု၊ ဦးဝင်းဖေ၊ ဦးဝင်းဦး၊ မောင်ဝဏ္ဏ စသည့် အနုပညာရှင်များသည် ကိုယ်တိုင်ရုပ်ရှင်ဒါရိုက်တာများ ဖြစ်သလို ကိုယ်တိုင် ဇာတ်ညွှန်းရေးသားနိုင်သည်အထိ အဆင့်ရှိကြကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုသည်။

“အဲဒီလူတွေ ဦးနှောက်ကြီးကြီး ရှိပြီး နှလုံးသားကလည်း တခြားလူတွေ ခံစားနိုင်တဲ့ ခံစားမှုမျိုးကို ရေးဖွဲ့နိုင်တဲ့ ဇာတ်ညွှန်းရေး ဆရာတွေက သူတို့ကိုယ်တိုင် ဖြစ်နေတာ။  ဒါပေမဲ့ အခုနောက်ပိုင်း ရုပ်ရှင်တွေမှာက ဦးနှောက်ကြီးကြီးသုံးပြီး ကြည့်လို့မရတဲ့ ရုပ်ရှင်တွေ ဖြစ်နေတာ ဘာကြောင့်လဲ” ဟု မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုလောက၏ လစ်ဟာချက်ကို ၎င်းက ထောက်ပြသည်။

“ဘာကြောင့်မှ မဟုတ်ဘူး၊ အနုပညာ အရည်အသွေးမြင့်ပြီး ဦးနှောက်ကြီးတဲ့ ဇာတ်ညွှန်းရေး ဆရာတွေ မရှိတာဘဲ။ မြန်မာနိုင်ငံမှာ အဓိက ကြုံတွေ့နေရတာ အဲဒီပြဿနာပဲ”

ရုပ်ရှင်ကားကောင်းကောင်း ဖန်တီးရန် ငွေကြေးသည် လိုအပ်ချက်တစ်ခု ဖြစ်သော်လည်း ရုပ်ရှင်သည် အနုပညာ ဖန်တီးမှု ဖြစ်သည့်အတွက် ရုပ်ရှင်တစ်ကား ဖန်တီးရာတွင် ပါဝင်သူများ၏ စေတနာထား လုပ်ဆောင်မှုရှိလျှင် တိုးတက်သော မြန်မာ့ရုပ်ရှင်လောက ဖြစ်လာမည် ဖြစ်ကြောင်း ဒါရိုက်တာ ဦးနှင်းမိုးက ပြောသည်။
“ငွေနောက်ကြီး မလိုက်ဖို့နဲ့၊ အနုပညာ ပြောင်မြောက်အောင် လုပ်ကြဖို့။ အကုန်လုံး ငွေ၊ သရုပ်ဆောင်တွေ ဘက်စုံကောင်းလာရင် ကားကောင်းဖြစ်လာမယ်” ဟု ၎င်းက ဆိုသည်။

ငွေကြေးအရင်းအနှီး လုံလုံလောက်လောက် မရှိသောကြောင့် အရည်အသွေးရှိသော ဇာတ်ကားရိုက်ကူးနိုင်ရန် ခက်ခဲကြောင်း ယခုခေတ် ရုပ်ရှင်လောကသား  အတော်များများ ညည်းညူလေ့ ရှိကြသည်။

သို့သော် နိုင်ငံတကာတွင် ငွေကြေးအရင်းအနှီး အနည်းငယ်ဖြင့် အနုပညာအရ၊ ငွေကြေးအရ အောင်မြင်မှု ရသွားသော ရုပ်ရှင်ကားကောင်း များစွာ ရှိသည်။

ဥပမာအားဖြင့် Paranormal Activity ရုပ်ရှင်သည် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ (မြန်မာ ကျပ်သိန်း ၁၈၀ ခန့်) သာ ရိုက်ကူးစရိတ် ရှိခဲ့ပြီး ဝင်ငွေပြန်ရချက်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀  နီးပါးအထိ (မြန်မာကျပ် သန်းပေါင်းနှစ်သိန်း) ရှိခဲ့သည်။ Paranormal Activity မှာ အမေရိကန်အခြေစိုက် ရုပ်ရှင်တစ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သည်။ 

ကိုယ်တိုင်ရေး ဇာတ်လမ်းတွင် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကာ နာမည်ကျော်  အနုပညာရှင် ဖြစ်လာသူ စတားလုံး (Sylvester Stallone) ၏ Rocky ရုပ်ရှင်သည် ကုန်ကျစရိတ် ဒေါ်လာတစ်သိန်း (မြန်မာငွေကျပ်သိန်း ၁၂၀၀ ကျော်)၊ ဝင်ငွေပြန်ရချက် ဒေါ်လာသန်း ၂၀၀ ကျော် ရရုံသာမက အော်စကာဆု သုံးဆုကို ဆွတ်ခူးရရှိခဲ့သည်။

ငွေကြေးအနည်းငယ်ဖြင့် ငွေကြေးအရ အောင်မြင်မှုသာမက အနုပညာအရ အောင်မြင်မှုကိုလည်း ရရှိနိုင်သည့် သာဓကများစွာ ရှိသေးသည်။

ယခင်က မြန်မာ့ရုပ်ရှင်လောကသည် စက်မှုနည်းပညာနှင့် စက်ကိရိယာပိုင်းတွင် နိမ့်ကျမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင် ထိုအပိုင်းမှာလည်း များစွာတိုးတက်လာပြီ ဖြစ်သည်။

“စက်မှုအပိုင်း အများကြီး တိုးတက်လာပါတယ်။ အတွေးအခေါ်အပိုင်း မပြောတတ်ပါဘူး။ ထုတ်လုပ်တဲ့သူ၊ ရိုက်ကူးတဲ့ ဒါရိုက်တာ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေ အချိန်ပေးနိုင်မှ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမယ်” ဟု ဝါရင့်သရုပ်ဆောင် ဦးအောင်လွင်က မှတ်ချက်ပေးသည်။

အတွေးအခေါ်အပိုင်း တိုးတက်လာခြင်း ရှိ-မရှိကိုမူ လက်ရှိဖြစ်နေသော မြန်မာပေါကားရပ်ဆိုသည့် လှုပ်ရှားမှုက ထင်ဟပ်ပြနေသည်။

“တကယ်ဆိုရင် ရုပ်ရှင်ထုတ်လုပ်တဲ့ နေရာမှာပါတဲ့ လူတွေအကုန်လုံးက ရုပ်ရှင်ဇာတ်လမ်းပေါ်မှာ ရှိတဲ့ ဇာတ်ကောင်ပေါ်မှာပဲ သစ္စာရှိဖို့ လိုပါတယ်။ ဇာတ်ကောင်ပေါ်မှာ သစ္စာမရှိနိုင်၊ ဇာတ်လမ်းပေါ်မှာ သစ္စာမရှိနိုင်ဘဲနဲ့ နာမည်ကျော်ကြားတဲ့ မျက်နှာတွေကို ရောင်းစားနေရတဲ့ ဈေးကွက်ကြီး ဖြစ်နေတာကြောင့် ဒီလိုဖြစ်တာလို့ မြင်ရပါတယ်” ဟု ဝါရင့်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

ဟိုယခင်အချိန်က ရုပ်ရှင်တစ်ကား ရိုက်ကူးရာတွင် ဇာတ်သိမ်းခန်းတစ်ခန်း ရိုက်ကူးရန်ပင် အချိန်သုံးရက်ယူကာ ရိုက်ကူးရပြီး ရုပ်ရှင်ဇာတ်ဝင် သီချင်းကိုလည်း သီးသန့်ရိုက်ကူးရန် အချိန်များစွာ ပေးရလေ့ရှိကြောင်း ဝါရင့်သရုပ်ဆောင် ဦးထွန်းထွန်းဝင်းက ပြန်ပြောင်းပြောပြသည်။ 
လက်ရှိ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးရာ နေရာများ အထူးသဖြင့် တက္ကသိုလ်အကြောင်း ပါလျှင် MICT Park  တွင်သာ ဖန်တစ်ရာတေ ရိုက်ကူးမှုမျိုးကို ပရိသတ်က ဝေဖန်ကြသည်။

“မြခွာညိုနဲ့ သီရိဂုဏ်အိမ်ရာမှာပဲ ဆယ်နှစ်ကျော်လောက် ပြေးနေရတဲ့အတွက်  ရုပ်ရှင်မရိုက်ချင်တော့ပါဘူး ဆိုပြီး ထွက်သွားတဲ့ မင်းသားတောင် ရှိတယ်။ နာမည်တော့ မတပ်တော့ပါဘူး” ဟု ဦးထွန်းထွန်းဝင်းက ဆိုသည်။

နောက်ပြဿနာတစ်ခုမှာ ရိုက်ကူးပြီးစီးသည့် ရုပ်ရှင်ကား ရုံပေါ်ရောက်ရန် အချိန်  သုံး၊ လေးနှစ် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

ရိုက်ကူးစဉ်က ရှိခဲ့သော အဖြစ်အပျက်များကို ထင်ဟပ်ရိုက်ကူးထားသော်လည်း ရုံတင်ပြသချိန်တွင် ထိုဇာတ်ကွက်မှာ နောက်ကျကျန်ခဲ့ခြင်းမျိုးလည်း ရှိသည်။

“ဗီဒီယိုလောကပဲဖြစ်ဖြစ်၊ ရုပ်ရှင်လောကပဲဖြစ်ဖြစ် ရုံတင်လိုက်တယ်။ သုံး၊ လေးနှစ်လောက်နေမှ ဗီဒီယိုဖြန့်တယ်။ နောက် သုံး၊ လေးနှစ်နေမှ ရုပ်သံကို ရောင်းလိုက်တယ်။  ရုပ်သံကို ပြနေတဲ့ ကားတွေက လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ကားတွေဖြစ်နေတယ်။ သူတို့ (လက်ရှိ ဝေဖန်နေသူများ) ကြည့်မိနေတာ အဲဒီကားတွေ ဖြစ်လိမ့်မယ်” ဟု ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်က ဆိုသည်။

ဇော်ဇော်အောင်သည် ခေါင်းဆောင်မင်းသားများ၏ သူငယ်ချင်း ဇာတ်ပို့နေရာတွင် နှစ်ပေါင်း ၂၀ ကျော် ရပ်တည်နေသူလည်း ဖြစ်သည်။

“အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးနေရင်တော့ မြန်မာ့ရုပ်ရှင်လောက နှစ် ၁၀၀ ပြည့်သွားလည်း လေးဖက်ထောက်အရွယ် ဖြစ်နေမှာပါ” ဟု ဝါရင့်သရုပ်ဆောင် ဆွေဇင်ထိုက်က ဆိုသည်။

ရုပ်ရှင်လောက အမှန်တကယ် ဖွံ့ဖြိုး လာစေရန် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ကာ မဟာဗျူဟာတစ်ခု ရေးဆွဲရမည်ဖြစ်ပြီး ထိုသို့ မဟာဗျူဟာ ရေးဆွဲနိုင်သူ ပြည်ပက ဖြစ်စေ၊ ပြည်တွင်းရှိ တတ်သိပညာရှင်များဖြင့် ဖြစ်စေ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟိုယခင်က ဘဝသံသရာ၊ ရတနာပုံ၊ မင်္ဂလာ၊ ဤလူ့ဘောင်တွင် စသည့် ခန့်ခန့်ညားညား ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးခဲ့ကြသည်။ အနုပညာ ရေစီးကြောင်းမှာ အချိန်နှင့်အမျှ ပြောင်းလဲလာသည် မှန်သော်လည်း အချိန်အကန့်အသတ်မရှိ၊ ဘယ်အချိန်ကြည့်ကြည့် ခံစားမှုရသ ပေးနိုင်သော ဂန္ထဝင် ရုပ်ရှင်ကားကြီးများ ဖြစ်သည်။

လက်ရှိရိုက်ကူးနေသော ရုပ်ရှင်ကားများအပေါ် ဝါရင့်သရုပ်ဆောင် ဦးအောင်လွင်၏ မှတ်ချက်မှာ ဤသို့...
“လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းမှာ မူတည်ပြီးတော့ လာထား အာဘွား၊ ဘောစိ၊ ခိုးဆိုးလူနှိုက်။ အဲဒီလို ဖြစ်လာတဲ့ အခါကျတော့ ပြောချင်တာတော့ အဝေဖန်မခံချင်ရင် ကြိုးစားကြပါ” 

ဆုအိနြေ္ဒ



FOLLOW US