News

POST TAGGED AS

မန္တလေး

လှိုင်သာယာတွင် ရေကြောင်းဘတ်စ် ဆိပ်ကမ်း ၁၃ ခု တည်ဆောက်ရန် စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရန်ကုန်မြစ်အတွင်း ဗိုလ်တထောင်မှ အင်းစိန်သို့ပြေးဆွဲနေသော ပထမဆုံး ရေကြောင်းဘတ်စ်အနေနှင့် ထပ်မံ၍ လှိုင်သာယာခရီးစဉ်အတွက် ဆိပ်ကမ်း ၁၃ ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။

“ဆိပ်ကမ်း ၁၃ ခုကို ဒီလထဲမှာ Survey ဆင်းပြီးသွားပြီ။ မိုးမကျခင် အပြီးတည်ဆောက်ပြီး စပြေးမယ်။ တိုင်းအစိုးရကို ဆိပ်ကမ်းအားလုံး ခွင့်ပြုစာတင်မယ်။ ခွင့်ပြုချက်အပေါ်မူတည်ပြီး တည်ဆောက်မှာပါ”ဟု တင့်တင့်မြန်မာကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထပ်မံတိုးချဲ့ပြေးဆွဲရန် လေ့လာမှုပြီးစီးသည့် ဆိပ်ကမ်းများအနေနှင့် မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ သုဝဏ္ဏ၊ သာကေတ ၁၊ ပုဇွန်တောင် ၂၊ သာကေတ ၂၊ ဒေါပုံ၊ ညောင်တန်း၊ Star City အိမ်ရာ၊ ရှုခင်းသာ၊ ဗိုလ်ချုပ်လမ်းထိပ် (သန်လျင် တံတားအနီး)၊ သီလဝါ SEZ ဆိပ်ကမ်းများ ဖြစ်သည်။

ဒုတိယမြောက်ခရီးစဉ်အဖြစ် ခရီးစဉ် လမ်းကြောင်းသစ်နှစ်ခုဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ဗိုလ်တထောင်-မြောက်ဒဂုံ-ညောင်တန်း ခရီးစဉ်နှင့် ဗိုလ်တထောင်-သန်လျင် စတားစီးတီးအိမ်ရာ ခရီးစဉ်အဖြစ် သတ်မှတ်ကာ သင်္ဘော ၁၀ စင်းဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဠ ဒေါ်တင့်တင့်လွင်က ပြောကြားထားသည်။

ပြေးဆွဲမည့်သင်္ဘောများအနေနှင့် ခရီးသည် ၁၅၀၊ ၂၀၀ ဆံ့ သင်္ဘောခြောက်စင်း၊ ခရီးသည် ၂၀၀ ဆံ့ သင်္ဘောလေးစင်း ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် ပထမဆုံးခရီးစဉ်အဖြစ် ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်တွင် ဆိပ်ကမ်း (မှတ်တိုင်) ခြောက်ခုဖြင့် ခရီးသည် ၁၂၀၊ ၂၃၀ ဆံ့ သင်္ဘောရှစ်စင်းဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

ထပ်မံ၍ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ဒလ စသည့် ခရီးစဉ်များကိုလည်း တိုးချဲ့ပြေးဆွဲရန် စီစဉ်မည်ဖြစ်ပြီး သင်္ဘောများကို ဩစတြေးလျမှ မှာယူမည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံမှ ဆက်လက်မှာယူမည်ဖြစ်ကာ ပြည်တွင်း၌လည်း သင်္ဘောများ ထပ်မံတည်ဆောက်နေကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။  

J-06




FOLLOW US