News

POST TAGGED AS

မန္တလေး

အင်းလေးဒေသရှိ ခရမ်းချဉ်သီးစိုက် တောင်သူများ ထောက်ပံ့ငွေရ


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် Manda Myanmar တို့က ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျွန်းမျောခရမ်းချဉ် (GAP)  စံပြစိုက် တောင်သူများကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျပ်သိန်း ၉၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တောင်ကြီးခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ပြောကြားသည်။

အင်းလေးဒေသ ကျေးရွာငါးရွာမှ တောင်သူ ၇၁ ဦးအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းထောက်ပံ့ပေးခဲ့ပြီး Manda Myanmar ကလည်း စိုက်ပျိုးရေးလုပ်ငန်းသုံး သဘာဝရွက်ဖျန်း မြေဩဇာများ ထောက်ပံ့ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခင်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agri-cultural Practices- GAP) စနစ်ဖြင့် စိုက်ပျိုးခြင်းမရှိခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ်ကစ၍ United Nilar Agri Business နှင့် ချိတ်ဆက်၍ ခရမ်းချဉ်ဧက ၅၀ ခန့်ကို တောင်သူ ၅၄ ဦးက GAP စနစ်ဖြင့် စိုက်ပျိုးခဲ့ရာတွင် အောင်မြင်သောကြောင့် ယခုနှစ်တွင် Manda  Myanmar နှင့် ချိတ်ဆက်ကာ စိုက်ဧကတိုးချဲ့ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ GAP စနစ်ဖြင့်စိုက်ပျိုးသော ကျေးရွာများမှာ ကေလာ၊ ဇရပ်ကြီး၊ ကြေးစားမြောက်၊ နွာဓမ (တောင်) နှင့် ငါးဖယ်ချောင်းတို့ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ GAP လမ်းညွှန်ချက်နဲ့အညီ စိုက်နိုင်ဖို့ ရွာငါးရွာမှာ သုံးယောက်စီ တာဝန်ပေးထားတယ်။ တစ်ရွာကို အစုအဖွဲ့ခေါင်းဆောင် တစ်ယောက်စီ ဖွဲ့ထားတယ်။ GAP ထုတ်ကုန်ဖြစ်အောင် လုပ်ပေးပြီးတော့ ဈေးကွက်နဲ့ချိတ်ဆက်ပေးတယ်။ တောင်သူတွေ အကျိုးအမြတ်ပိုရအောင် လုပ်ပေးတာပေါ့။ အရင်နှစ်က အထွက်နှုန်းလည်း ကောင်းပါတယ်။ ခရမ်းချဉ်တစ်တင်းကို ပုံမှန်ဈေးထက် နှစ်ထောင်ပိုရတယ်။ အဲဒါကို Phusin Fresh Mark ကုမ္ပဏီက ဝယ်ပါတယ်”ဟု ဦးဇော်ဝင်းထွန်းက ရှင်းပြသည်။

အင်းလေးဒေသတွင် မိုးခရမ်းချဉ် စိုက်ဧက ၄၇၅၀ ၊ ဆောင်းခရမ်းချဉ် စိုက်ဧက ၁၂၅၀ ရှိကြောင်း ဖေဖော်ဝါရီလလယ်တွင် ဆောင်းခရမ်းချဉ် စတင် ပျိုးထောင်တော့မည်ဖြစ်ပြီး မေနှင့်ဇွန်လအတွင်း ခရမ်းချဉ်သီးများ ထွက်ရှိမည်ဖြစ်ကြောင်း တောင်ကြီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။  

R-01



FOLLOW US