News

POST TAGGED AS

မကွေး

ညွှန်မှူး ၃ ဦးအပါအဝင် အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
ရန်ကုန်၊ ဇူလိုင် ၁၆ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၂ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က သီလဝါနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံမှ သိရသည်။

အမှုဖွင့်တိုင်ကြားခံရသူများသည် Delivery Van မော်တော်ယာဉ်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာ ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့် ရရှိစေရန်အတွက် ပထမအကြိမ် ၃ စီးကို အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိက ကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ကျပ် ၁၅ သိန်း၊ ဒုတိယအကြိမ်တင်သွင်းသော ယာဉ် ၂ စီးကို စစ်ဆေးရေးအရာရှိက ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက် အမှုတွဲများကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ကျပ် ၈ သိန်း၊ စစ်ဆေးရေး အရာရှိ၏ စစ်ဆေးတွေ့ရှိချက်များကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ကျပ် ၄ သိန်းအပြင် ဒုတိယအကြိမ် တင်သွင်းသော ယာဉ်နှစ်စီးကို လေလံပယ်ဖျက် ဘုတ်ဖွဲ့ဖြင့်စစ်ဆေးခံပြီး ဆိပ်ကမ်းမှထုတ်နိုင်ရန် ကာကွယ်ရေးဌာနခွဲမှ လက်ထောက် အကောက်ခွန်မှူးနှင့် ဒုတိယလက်ထောက် အကောက်ခွန်မှူးတို့ကပါ ကျပ် ၁၂ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မရှင်ထံမှသိရသည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထတ်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေး၊ ဒုတိယ လက်ထောက်အကောက်ခွန်မှူး ဦးသိန်းဝင်းတို့ကို ၂၀၁၃ ခုနှစ်၊ အဂတိုက်လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ ယာဉ်များ၏ ကွဲလွဲချက်အပေါ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ခြင်း၊ ဝန်ထမ်းများ၏ ငွေကြေးလက်ခံရယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်း စစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လက်အောက်ဝန်ထမ်း၏ အဂတိလိုက်စားမှုအပေါ် ပူးပေါင်းကြံစည် အားပေးကူညီခဲ့သည်ဟုဆိုသော ညွန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့်လည်းကောင်း အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Delivery Van ယာဉ်များနှင့် ပတ်သက်၍ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှတစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့် မကိုက်ညီပဲတင်သွင်းသော ယာဉ်များအား ထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေနှင့် ဆိပ်ကမ်းမှပစ္စည်းများ ထုတ်ယူရာတွင် ငွေကြေးပေးရသည့် အစဉ်အလာဖြစ်နေခြင်းကို စုံစမ်းဖော်ထုတ်ပေးပါရန် ကော်မရှင်သို့ တိုင်ကြားသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

J-16



FOLLOW US