News

POST TAGGED AS

မိုးကြိုးထိမှန်

ဂျိုးဖြူပိုက်ကို မိုးကြိုးပစ်၊ ကလေးနှစ်ဦး ဒဏ်ရာရ၊ တစ်ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၇

တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေး ရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာတွင် ဇူလိုင်လ ၄ ရက် ည ၇ နာရီခန့်က ဂျိုးဖြူသံပိုက်လုံးကို မိုးကြိုးပစ်ရာအနီးတွင် လမ်းလျှောက်နေသူ အသက် ၇ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်ဦး သံစထိမှန်ပြီး အသက် ၉ နှစ် အရွယ်ကလေး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

မိုးကြိုးပစ်ခံရသည့် သံပိုက်လုံးမှ လွင့်စင်လာသော သံစများထိမှန်မှုကြောင့် အသက် ၉ နှစ်အရွယ်ယောကျာ်းလေး၌ ဦးခေါင်း၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်အနှံ့အပြား ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ဖြင့်လည်းကောင်း၊ အသက် ၇ နှစ်အရွယ်မိန်းကလေးတွင် ညာတံတောင်ဆစ်နှင့် ခန္ဓာကိုယ်အောက်ပိုင်းအနှံ့အပြား ပွန်းပဲ့ပေါက်ပြဲညိုမည်း ဒဏ်ရာ (စိုးရိမ်ရ) ဖြင့်လည်းကောင်း တိုက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်ပင်) သို့ တင်ပို့ကုသခဲ့ရခြင်းဖြစ် ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“မိုးကြိုးပစ်ခံရတဲ့ ကလေးနှစ်ဦး ဆေးရုံရောက်နေတယ်ကြားလို့ သွားစစ်ဆေးတာ။ ကလေးတွေရဲ့အစ်မပြောတာကတော့ မောင်နှမနှစ်ယောက် သံပိုက်လုံး နားကလမ်းအတိုင်း ဈေးသွားဝယ်ပြီး ပြန်လာတယ်၊ အဲဒီအချိန်မှာ သံပိုက်လုံးကို မိုးကြိုးပစ်လိုက်တာ၊ မိုးကြိုးပစ်လိုက်တဲ့ သံပိုက်လုံးက သံစတွေလွင့်ပြီးတော့ ကလေးနှစ်ဦးထိတာလို့ ပြောပြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

သံစများထိမှန်ခံရမှုကြောင့် အသက် ၉ နှစ်အရွယ်ယောကျာ်းလေးမှာ ဇူလိုင်လ ၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားပြီး ရုပ်လောင်းကို ဟယ်ပင် ကလေးဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ တိုက်ကြီးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၆/၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

မိုးကြိုးပစ်ခံရမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၇ ခုနှစ်၊ မေလအတွင်းက လူ ၅ ဦးသေဆုံးခဲ့ပြီး ယခုနှစ် ဧပြီလတွင်တစ်ဦးနှင့် မေလတွင်တစ်ဦး သေဆုံးခဲ့သည်။  


J-16




FOLLOW US