News

POST TAGGED AS

ဘာသာရေး

နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ စစ်တွေသို့ရောက်


စစ်တွေ၊ မေ ၂၆ 

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့်အဖွဲ့ မောင်တောဒေသ၏ မြေပြင်အခြေအနေများကို သွားရောက်လေ့လာရန် မေလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။

အဆိုပါခရီးစဉ်တွင် ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး၏ အထူးကိုယ်စားလှယ်အပါအဝင် ဘာသာရေးခေါင်းဆောင် ငါးဦး၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ နိုင်ငံခြားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် Religions For Peace-Myanmar ငြိမ်းချမ်းမေတ္တာ အဖွဲ့ဝင်များလည်း ပါဝင်ကြသည်။

“ကျွန်တော်တို့က အကောင်းကို မျှော်လင့်လို့လာတာ။ အဆိုးကိုဘယ်တော့မှ မမျှော်လင့်ဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ စိတ်ဓာတ်နဲ့လာတာ၊ ပဋိပက္ခကိုဆန့်ကျင်တယ်။ ကျွန်တော်တို့က ဘာသာပေါင်းစုံက မေတ္တာတရားကို အခြေခံပြီးတော့လာတာဖြစ်လို့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်”ဟု RFP အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောကြားသည်။

ယင်းအဖွဲ့သည် မေလ ၂၇ ရက်နေ့တွင် မောင်တောဒေသသို့သွားရောက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများကို လက်ခံရေးစခန်းများ ဖွင့်လှစ်ကာ ဆောင်ရွက်နေမှု အခြေအနေ၊ ဒေသအခြေအနေများကို လေ့လာကာ ဘာသာပေါင်းစုံမှ လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များထံမှ သိရသည်။

“ဒီလိုဖြစ်လာတာဟာ လူတွေလုပ်လို့ဖြစ်လာတာ။ အဲဒီတော့ လူတွေက ဖြေရှင်းနိုင်တယ်လို့ ထင်တယ်။ လောလောဆယ် ဘယ်လိုအခက်အခဲတွေ ရှိနေပေမယ့် တစ်ချိန်မှာတော့ ပြေလည်သွားလိမ်းမယ်လို့ မျှော်လင်းထားတယ်။ ဘာသာရေးသမားတွေအနေနဲ့လည်း မျှော်လင့်ချက်ဆိုတာဘယ်တော့မှ မဆုံးရှုံးဘူး”ဟု ဟာဂျီဦးအေးလွင်က ပြောကြားသည်။

ယခုကဲ့သို့သွားရောက် လေ့လာခြင်းသည် ပထမအဆင့်ခြေလှစ်တစ်ခုသာဖြစ်၍ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း၊ မြေပြင်အခြေအနေများကို တစ်ကြိမ်တစ်ခါလေ့လာရုံဖြင့် မပြည်စုံသေးကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဘာသာရေးခေါင်းများအနေဖြင့် ဘာသာရေးဘက်မှ အပြုသဘောဆောင်ကာ ကူညီဆောင်ရွက်နိုင်ရန် ပထမဆုံးအနေဖြင့် လာရောက်လေ့ခြင်းဖြစ်ကြာင်း ဟာဂျီဦးအေးလွင်က ဆက်လက်ပြောဆိုသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ရောက်ရှိနေကြသော ဘာသာရေးခေါင်းဆောင်များသည် မေလ ၂၅ ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြသေးသည်။ 

R-22




FOLLOW US