News

POST TAGGED AS

ဗီယက်နမ်

အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆင် ဗီယက်နမ်သို့ သမိုင်းဝင် အလည်ခရီး ဝင်ရောက်ရပ်နား


ဟနွိုင်း၊ မတ် ၅

အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆင်သည် ဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်ရပ်နားမည်ဖြစ်ရာ ဗီယက်နမ် စစ်ပွဲပြီးကတည်းက ယင်းကဲ့သို့ အကြီးစားလေယာဉ်တင် သင်္ဘောအမျိုးအစား ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းနျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောသည် ဗီယက်နမ်စစ်အတွင်းက အမေရိကန်တပ်များ ပထမဆုံး ကမ်းတက်သည့် နေရာဖြစ်သော ဒါနန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားမည်ဖြစ်ပြီး  ကြီးမားသော သင်္ကေတလက္ခဏာကို ထင်ဟပ်စေသည်။

ဤခရီးစဉ်သည် နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ကြီးထွားလာမှုကို ညွှန်ပြနေသည်။ သို့ရာတွင် အကဲခတ် လေ့လာသူများကမူ အငြင်းပွား တောင်တရုတ်ပင်လယ်အရေးတွင် ယခင်အတိုင်း ဆက်လက်ရပ်တည်မှုကို တရုတ်အား အသိပေးခြင်းဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။

အမေရိကန်နှင့် ဗီယက်နမ်အကြား စစ်ရေးဆက်ဆံမှုသည် ကြီးထွားလာသော်လည်း အကန့်အသတ်ရှိနေဆဲဖြစ်ပြီး ဗီယက်နမ်အနေနှင့် ယခုခရီးစဉ်၏ သင်္ကေတကို သတိထား၍ ကိုင်တွယ်ဖို့ လိုသည်ဟု ဒါနန်းမှ ဘီဘီစီသတင်းထောက်က သုံးသပ်သည်။

တရုတ်နိုင်ငံသည် ဒေသတွင်း၌ အင်အားကြီးနိုင်ငံဖြစ်နေပြီး ဗီယက်နမ်၏ အရေးကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်နေသည်။ သို့ဖြစ်ရာ ဟနွိုင်းမှ ကွန်မြူနစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အိမ်နီးချင်း အင်အားကြီးနိုင်ငံနှင့် ဆက်ဆံရေးကို ကမောက်ကမဖြစ်နိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင် အခြားအာရှနိုင်ငံများက တောင်းဆိုထားသော သောင်ခုံများနှင့် ကျွန်းများအပါအဝင် ဧရိယာတစ်ခုလုံးကို တရုတ်နိုင်ငံက ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသည်။ ထိုကျွန်းများအနက်မှ ပါရာဆဲလ်နှင့် စပရက်တလီကျွန်းများကို ဗီယက်နမ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

အမေရိကန်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် မည်သည့်ဘက်မှမလိုက်ဟု ကြေညာထားသော်လည်း ရေကြောင်းသွားလာရေး လွတ်လပ်ခွင့်အတွက် အမေရိကန်စစ်သင်္ဘောများကို ပုံမှန်စေလွှတ် ခုတ်မောင်းနေပြီး တရုတ်တို့၏ ပိုင်နက်တောင်းဆိုမှုကို စိန်ခေါ်လေ့ရှိသည်။

ဒါနန်းသည် ဗီယက်နမ်စစ်ပွဲကာလက အမေရိကန်တပ်များ၏ အဓိက အခြေစိုက်စခန်းဖြစ်ခဲ့သည်။ လေယာဉ်အစင်း ၉၀ တင်နိုင်သော ကားလ်ဗင်ဆင် ဆိုက်ကပ်ရပ်နားမှုသည် ဗီယက်နမ်တွင် အမေရိကန်စစ်ရေး ကြီးမားစွာတည်ရှိမှုကို ထင်ဟပ်လျက်ရှိသည်။

ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၅၈,ဝ၀၀ မျှသာ ကျဆုံး၊ ပျောက်ဆုံးခဲ့သော်လည်း ဗီယက်နမ်ဘက်မှ အရပ်သားများနှင့်တပ်ဖွဲ့ဝင်များ သန်းပေါင်းများစွာ သေဆုံးခဲ့သည်ဟု ဗီယက်နမ်အစိုးရက ခန့်မှန်းထားသည်။ 

F-04



FOLLOW US