News

POST TAGGED AS

ဗီယက်နမ်

ဘွဲ့ရပြီး အလုပ်မရ ဗီယက်နမ်ကျောင်းသားဘဝ


ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်စ အာရှနိုင်ငံများထဲတွင် တိုးတက်မှုအရှိန် အမြင့်ဆုံး၊ အမြန်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ နိုင်ငံတကာမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများလည်း ဝင်လာမဆဲတသဲသဲ ဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံအတွင်းမှာပင် ကျွမ်းကျင်ပညာရှင်များ၊ ပညာတတ်များ အများအပြားလိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ သို့သော် လုပ်သားများကို ထိုက်တန်သည့် လစာမပေးနိုင်ခြင်း၊ အလုပ်လာလုပ်သူများကလည်း ကျွမ်းကျင်မှုမရှိခြင်း စသည့် ပြဿနာများကို ရင်ဆိုင်နေရသည်။

ငုယင်ဗန်ဒပ်သည် ဗီယက်နမ် ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုမှ စီးပွားရေးဘွဲ့ရထားသူဖြစ်သည်။ သို့သော် သူသည် ယနေ့တစ်လလျှင် ဒေါ်လာ ၂၅၀ ခန့်သာရသည့် တက္ကစီကားမောင်းအလုပ်ကို ဟနွိုင်းတွင်လုပ်နေရသည်။ ဒပ်သည် အခြားဗီယက်နမ်ဘွဲ့ရ ကျောင်းသားများကဲ့သို့ပင် ဘွဲ့ရပြီးအလုပ်မရသဖြင့် ရသည့်အလုပ်ကို လုပ်ကိုင်နေရသူဖြစ်သည်။ ယခုအခါ ဗီယက်နမ်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာနေပြီဖြစ်သည်။ 

ဗန်ဒပ်သည် စီးပွားရေးဘွဲ့တစ်ခုရရန်အတွက် တက္ကသိုလ်တွင် သဘောတရားစာတွေ ကျက်ခဲ့ရသည်။ သီအိုရီတွေကိုသာ စာတွေ့အနေနှင့် လေ့လာခဲ့ရခြင်းဖြစ်သည်။ ကွန်မြူနစ်ပါတီသမိုင်းနှင့် ဟိုချီမင်းအတွေးအခေါ်တွေကိုလည်း သူကျယ်ပြန့်စွာ လေ့လာသင်ယူခဲ့ရသည်။ 

ဗီယက်နမ်တက္ကသိုလ်များက အောင်မြင်သူအများစုမှာ လစာနည်းနေရခြင်းမှာ ကျွမ်းကျင်သည့်သူများအဖြစ် မွေးထုတ်ပေးနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ စာတွေ့သာရှိရှိပြီး လက်တွေ့လုပ်ငန်းခွင်ဝင် ပညာနည်းသဖြင့် ကျောင်းထွက်ပြီးလည်း ခေါ်ခိုင်းချင်သူတွေက သံသယဖြစ်နေရသည်။ အစိုးရကလည်း အလယ်အလတ် ဝင်ငွေရနိုင်သည့် လုပ်ငန်းလေးများကိုပင် မဖော်ဆောင်ပေးနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အလုပ်ဝင်လုပ်ချင်လည်း ဈေးပေါပေါနှင့် ပေးသလောက်သာ ယူနေကြရသည်။

နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အာရှတွင် ကျားတစ်ကောင်အဖြစ် ရှေ့တန်းကိုတက်လာရန် တာစူနေသည်။ မိသားစုဝင်ငွေကလည်း အလယ်အလတ်တန်း အနေအထားကို ရောက်လာသည်မှန်သော်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အားနည်းနေသေးကြောင်း တွေ့ရသည်။ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသည် နိုင်ငံကို စီးပွားရေးနှင့် ပညာရေး တစ်ပြိုင်တည်းမြှင့်တင်ရန် အားထုတ်ခဲ့ကြသည့် နိုင်ငံများဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာတတ်တွေ အများကြီးလိုသည်ဆိုသည့် အသိဖြင့် သူတို့က ကမ္ဘာ့အဆင့်မီ ပညာရေးနှင့် ကမ္ဘာ့လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်ရေးကို အလေးပေးဆောင်ရွက်ခဲ့ကြသည်။ တိုးတက်ပြီး ပညာနောက်ကျလျှင် စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရပြီး ဖွံ့ဖြိုးမှုနောက်ကျမည်ဟု ခံယူကာ ပညာဖြင့် အလွတ်ရုန်းနိုင်အောင် ကြိုးစားခဲ့ကြသည်သာဖြစ်သည်။

ဗီယက်နမ် ပညာရေးစနစ်ကလည်း တက္ကသိုလ်ဒုတိယနှစ်အထိ ကမ္ဘာ့အဆင့်ကိုတက်လှမ်းနိုင်မည့် အနေအထားတွင်မရှိ။ ဟိုချီမင်း၏ တော်လှန်ရေး အတွေးအခေါ်များနှင့် ဆိုရှယ်လစ် အတွေးအခေါ်အပြင် ကွန်မြူနစ်ပါတီသမိုင်းတွေကို သင်နေကြရသည်။ ထို သဘောတရားတွေက ခေတ်သစ်စနစ်သစ်နှင့် နိုင်ငံဖွံ့ဖြိုးရေးကို မည်သို့ အထောက်အကူပြုမည်နည်း ဆိုသည်ကို မစဉ်းစားတတ်အောင်ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံတွင် လာဖွင့်သည့် နိုင်ငံခြားကုမ္ပဏီများသည် အမှန်တကယ် ကျွမ်းကျင်သူများကိုသာ အလိုရှိနေကြသည်။ ဘွဲ့ရလာပြီး ဘာမှမတတ်သည့် အလုပ်လာလျှောက်သူများကို မည်သို့ခန့်ရမည်မှန်း သူတို့ စဉ်းစားမရနိုင်လောက်အောင် ဖြစ်နေကြသည်။ ဗီယက်နိုင်ငံတွင် လက်ရှိ ဘွဲ့ရအလုပ်လက်မဲ့က ၁၇ ရာခိုင်နှုန်း ဖြစ်လာသည်။ ထို့ကြောင့် ဗီယက်နမ်ဘွဲ့ဆိုလျှင် ငြင်းချင်သည့်အတွက် မိဘတွေကလည်း မိမိတို့ သားသမီးများကို နိုင်ငံခြားလွှတ်ပြီး ဘွဲ့ယူခိုင်းမှုများကို ငွေကုန်ခံပြီး လုပ်ဆောင်လာကြကြောင်းလည်း တွေ့ရသည်။ 

ဗီယက်နမ်အစိုးရကလည်း ထိုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ပေးပြီး ကုစားကြည့်သည်။ သို့သော် အခြေခံကစပြီး အခြေမခိုင်သည့် ပညာရေးဖြစ်နေသောကြောင့် ချက်ချင်းကုစားရန် မလွယ်သေးကြောင်းတွေ့ရသည်။ 

နိုင်ငံအတွင်း စာမတတ်သူ ပပျောက်မှုနှုန်းက ၉၇ ရာခိုင်နှုန်းခန့်အထိ တက်လာသည် မှန်သော်လည်း၊ အထက်တန်းအောင်ပြီး တက္ကသိုလ်သို့ အမှန်တကယ် တက်နိုင်သည့်နှုန်းက သုံးပုံတစ်ပုံခန့်သာ ဖြစ်နေသေးသည်။ နိုင်ငံပြန်လည်ထူထောင်နေရသည့် အနေအထားတွင် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ကုန်ထုတ်လုပ်မှု နောက်ကျနေသေးကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာလည်း အားရစရာမဟုတ်သေးကြောင်း Institute of Labour Science and Social Affairs က ထောက်ပြထားသည်။

ပညာရေးသည် နိုင်ငံရေးဖြစ်သလို ပညာရေးသည် စီးပွားရေးလည်းဖြစ်သည်ဆိုကာ ပညာရေးတိုးတက်ဖွံ့ဖြိုးအောင် လုပ်နေသည့် စင်ကာပူနှင့် ဟောင်ကောင်တို့လိုနိုင်ငံများကို စံနမူထားရန်လိုပါသည်။ ခေတ်က ဒစ်ဂျစ်တယ်ခေတ်နှင့် ဒစ်ဂျစ်တယ်ပညာရေး လမ်းကြောင်းဘက်ကို ဦးတည်ပြီး ပြောင်းလဲပြုပြင်ရန် လိုအပ်နေသော်လည်း ပညာရေးတွင် သဘောတရားရေးနှင့် ခေတ်ဟောင်းက ကွန်မြူနစ်အတွေးအခေါ်များဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးစေရန် လုပ်ဆောင်၍ ရ၊ မရ ဆိုသည်မှာ ဗီယက်နမ်နိုင်ငံကို သက်သေပြနိုင်မည်ထင်သည်။ 

E-01
(Ref: Bloomberg)



FOLLOW US