News

POST TAGGED AS

ဗိုလ်မှူး

ရန်ကုန်-ပုသိမ် ကားလမ်းတွင် ယာဉ်ထိန်းရဲအယောင်ဆောင်ပြီး ငွေများတောင်းခံနေသည့်သူကို ဖမ်းမိ
ရန်ကုန်၊ ဧပြီ ၂၃

ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းတွင် ဧပြီလ ၂၂ ရက် ညပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေး၍ ငွေများတောင်းခံနေသည့် ယာဉ်ထိန်းရဲ အယောင်ဆောင် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၂၆ နှစ် ခိုင်စိုးထွေးမှာ ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ယာဉ်မောင်းတစ်ဦးထံမှ ငွေကျပ်ငါးထောင် တောင်းခံ၍ အခြားမော်တော်ယာဉ်နှင့် ဆိုင်ကယ်များကိုပါ တားဆီးစစ်ဆေးနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးထံမှ သိရသည်။

“ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ပြီး ငွေတောင်းခံနေသူကို ဖမ်းမိတဲ့အနီးအနားမှာ ယာဉ်ထိန်းရဲတပ်သား တစ်ယောက် ရှိနေတယ်။ အဲဒီရဲတပ်သားကို လတ်တလော အမှုတော့ မဖွင့်ထားပေမယ့် အမှုနဲ့ပတ်သက်ဆက်စပ်မှု ရှိမရှိကို စစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ပြီး ငွေကြေးများ တောင်းခံနေသည့် ခိုင်စိုးထွေးကို ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၁၇၀/၃၈၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US