News

POST TAGGED AS

ဖယ်ခုံ

အင်းလေး-ဖယ်ခုံ ရေလမ်းကြောင်းတွင် ပိတ်ဆို့နေသောဗေဒါများ ယနေ့ ရှင်းလင်းမည်
ရန်ကုန်၊ ဧပြီ ၂၁

အင်းလေး-ဖယ်ခုံ ခရီးစဉ်ရေ လမ်းကြောင်းတစ်လျှောက်ရှိ ပိတ်ဆို့လျက်ရှိသော ဗေဒါများနှင့်ကျွန်းမျောများကို အင်းလေးဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယနေ့ (ဧပြီလ ၂၂ ရက်) ရှင်းလင်းမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးညီညီဇော်က ပြောကြားသည်။

“ဗေဒါတွေက တစ်မိုင်ပတ်လည်လောက်ကို ရှင်းရမှာပါ။ တော်တော်လေးကို ပိတ်နေတဲ့အနေအထားပါ။ ဒါကတော့ လတ်တလောဖြေရှင်းတာပါ။ နောက်ပိုင်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ရေရှည်ဖြေရှင်းမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ရှိတယ်”ဟု ၎င်းက ဆိုသည်။

ကမ္ဘာလှည့်ခရီးသည်များအနေနှင့် အင်းလေးနှင့်ကယားပြည်နယ်သို့ သွားရောက်ရာတွင် အဆိုပါ အင်းလေး-ဖယ်ခုံ ရေလမ်းကြောင်း ခရီးစဉ် အသုံးပြုမှုများရှိနေကြောင်း၊ လက်ရှိတွင် ယင်းလမ်းကြောင်းတစ်လျှောက်ရှိ မှော်ဘီတံတားနှင့် နောင်ဘိုရွာအနီး ပတ်ဝန်းကျင်တွင် ပိတ်ဆို့မှုများ ဖြစ်နေခြင်းကြောင့် အဆိုပါ ခရီးစဉ်များအတွက် သွားရောက်ရန် အခက်အခဲများရှိကြောင်း ကယားဒေသ အခြေစိုက်ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

“လက်ရှိကယားမှာက ရေလမ်းကြောင်းကို အသုံးပြုပြီး ရပ်ရွာကြည့်တဲ့ခရီးစဉ်တွေ ရောင်းနေတာဆိုတော့ အခုလို ဗေဒါတွေပိတ်နေတော့ စီစဉ်ရတာ အခက်အခဲတွေရှိတယ်။ ဒါက နှစ်တိုင်းဖြစ်တဲ့ ပြဿနာဆိုတော့ အဲ့လိုပိတ်တဲ့အကြောင်း အရင်းကိုရှာပြီး ရေရှည်ဖြေရှင်းသင့်တယ်”ဟု ကယားဒေသအခြေစိုက် 9 Generation Force Travel & Tours မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမိုးအောင်က ဆိုသည်။

အင်းလေး-ဖယ်ခုံ ရေလမ်းကြောင်းသည် ကယားပြည်နယ်ရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာများသို့ သွားရောက်သည့် ရေလမ်းကြောင်း ခရီးစဉ်တစ်ခုဖြစ်ပြီး တောင်ယာစိုက်ပျိုးမှုများအတွက် မြက်နှင့်အခြားသစ်ရွက်၊ နွယ်များကို ချောင်းထဲပစ်ချမှုများကြောင့်လည်း ရေလမ်းကြောင်းကို ပိတ်ဆို့စေကြောင်း၊ ထို့ကြောင့် ပညာပေးနည်းလမ်းများနှင့် ဖြေရှင်းသင့်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က အင်းလေးဇုန်ဝင်ခွင့်ကို ဇုန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ကို လေလံစနစ်ဖြင့် သတ်မှတ်ကောက်ခံခွင့်ပေးထားပြီး ရရှိသည့် ဇုန်ဝင်ခွင့် လေလံဈေး ၅၀ ရာခိုင်နှုန်းကို အင်းလေးဒေသ ထိန်းသိမ်းရေး ပြန်လည်အသုံးပြုမည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 



FOLLOW US