News

POST TAGGED AS

ဖင်လန်နိုင်ငံ

ကျောင်းစာကြည့်တိုက်တွေ ဝေစည်မှာလား
(၁)

စာဖတ်ခြင်းဟာ ပြည့်ဝစေတယ်တဲ့။ 

စာရေးသားခြင်းဟာ တိကျစေတယ်တဲ့။ 

ပြည့်ဝရင် ရည်မွန်ယဉ်ကျေးတာပဲ။ ရည်မွန်ယဉ်ကျေးရင် ပြည်သူ့နီတိလိုဟာမျိုး၊ လူ့ကျင့်ဝတ်တွေလိုက်နာဖို့ အထူးသင်စရာ မလိုတော့ဘူး။ အခု ရွှေပြည်ကြီးမှာ ဖြစ်နေတာက ကျင့်ဝတ်တွေ ချိုးဖောက်နေကြတာပဲ။ ကားလမ်းပေါ်မှာ၊ အလုပ်ခွင်ထဲမှာ၊ ကျောင်းခန်းထဲမှာ၊ စစ်ပွဲတွေ တိုက်ပွဲတွေမှာ။ လိုက်နာရမယ့်ကျင့်ဝတ်တွေကို ခါးဝတ်ပုဆိုးလိုမြဲဖို့ဆိုတာ စာဖတ်ဖို့၊ စာဖတ်တဲ့အလေ့အကျင့်ရှိဖို့ သိပ်လိုပါတယ်။ 

ဂျပန်လူမျိုးတွေဟာ ကားစောင့်ရင်းဖြစ်ဖြစ်၊ ဘတ်စ်ကားစီးရင်းပဲဖြစ်ဖြစ် စာအုပ်တစ်အုပ်ကို လက်ကြားညှပ်ပြီး မျက်ခြည်မပြတ်ဖတ်နေတတ်ကြတယ်။ စာဖတ်ခြင်းဟာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုလို ဖြစ်နေကြတော့ ဂျပန်တွေရဲ့ ပြည့်ဝတဲ့ဉာဏ်ရည်နဲ့နှလုံးသားကြောင့် “တခြားလူကို ဦးစားပေးတတ်ခြင်း” အလေ့က ထင်ရှားပြီး ချီးကျူးဖို့ကောင်းလောက် အောင်မြင်တွေ့နေကြတယ်။ ဆိုပါစို့။ လမ်းကျဉ်းကျဉ်းမှာ ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ ဂျပန်လူမျိုးတစ်ဦးဟာ ကိုယ်ကိုကျုံ့ပြီး နောက်ဆုတ်ပြီး ခင်ဗျားကို ဦးစားပေးလမ်းဖယ်ပေးတာ ကြုံရပါမယ်။ စာဖတ်ခြင်းက ပြည့်ဝစေတယ်လေ။ 

ရွှေပြည်ကြီးက ရွှေမြန်မာတို့ကဖြင့် တစ်ဦးနဲ့တစ်ဦးဖယ်ပေးဖို့ထက် ကျော်ခွဖို့ပဲ အားသန်နေကြတာ နိစ္စဓူဝ လမ်းမတွေပေါ်မှာ၊ နိစ္စဓူဝအလုပ်ခွင်တွေမှာ၊ နိစ္စဓူဝ စီးပွားရေးလုပ်ငန်းတွေမှာ။ 

စာဖတ်ဖို့အလိုအပ်ဆုံးလူမျိုးလို့ ညွှန်းခိုင်းရင် ရွှေမြန်မာတို့ကိုပဲ ညွှန်းရပေလိမ့်မယ်။ 

(၂) 

“စာအုပ်မရှိတဲ့ဧည့်ခန်းဟာ 

သုသာန်တစပြင်နဲ့ အတူတူပဲ...” 

စာသင်ခန်းထဲမှာ စာလည်းသင်ရင်း စိတ်ကိုလည်းပြင်ရမယ်လို့ ယုံကြည်ထားတဲ့ဆရာတစ်ယောက်အဖို့ ကျောင်းသင်ခန်းစာတပုံကြီးကို ရှင်းလင်းနေတဲ့ကြားက“ငါးပိသည်ကအိပ်ပြီး ဆားသည်က ခွေးမောင်း” ဆိုတဲ့စကားပုံလို “စာဖတ်ကြဖို့” တိုက်တွန်းဖြစ်တယ်။ ကျောင်းအုပ်တွေ အများစုကတော့ ကြိုက်မလား မကြိုက်ဘူးလား မသိဘူး။ စာအုပ်တွေ ဖတ်ကြဖို့ ကျောင်းစာနဲ့မလုံလောက်ဘူး။ ပြင်ပစာပေတွေဖတ်ကြဖို့ တိုက်တိုက်တွန်းတွန်းပြောဖြစ်တဲ့အခါ ကလေးတွေက ဖတ်ရမယ့်စာအုပ်တွေ နာမည်မေးကြရင် ပီတိကို ဖြစ်မိတယ်။ 

ပြီးတော့ ကျောင်းစာကြည့်တိုက်ကို လိုက်ရှာကြည့်မိရင်း သက်ပြင်းကိုချရတဲ့ ကိုယ်ပိုင်ကျောင်းက အများစုဖြစ်နေတယ်။ ကျောင်းစာကြည့်တိုက်မည်ကာမတ္တလုပ်ထားပြီး စာအုပ်ဆိုင်တွေမှာ အောက်တန်းစာပေလို့ ခေါ်ရမယ့် စုန်း၊ တစ္ဆေ၊ ပုံပြင်၊ စာအုပ်ပါးလေးတွေ၊ စာအုပ်အနွမ်းလေးတွေ ဝယ်တင်ထားကြတာမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိတယ်။ ဟန်ဆောင်ပန်ဆောင်စာကြည့်တိုက်အတွက် ကိုယ်ပါရှက်မိပါတယ်။ ပြီးတော့ စာကြည့်ဖို့ အချိန်စာရင်းထဲမှာ ထည့်မထားတတ်ကြပါဘူး။ ကိုယ်ပိုင်ကျောင်းတွေကို အားကိုးဖို့ အမှတ်လျှော့ထားရပြန်တယ်။ စိတ်လျှော့ထားရပြန်ပါတယ်။ 

ကိုယ်ပိုင်ကျောင်းတစ်ခုရဲ့ အစည်းအဝေးမှာ “ကျောင်းစာကြည့်တိုက်” လုပ်ဖို့ အစီအစဉ်ရှိကြောင်း ကျောင်းအုပ်ကြီးကပြောတော့ ကလေးတွေ ကိုယ်စားပျော်ရွှင်မိ၊ အားတက်မိတယ်။ ကျောင်းအုပ်ဆရာမကြီးရဲ့စကားကြောင့်တော့ နည်းနည်းအောင့်သက်သက်ဖြစ်သွားရပြန်တယ်။

“ကျောင်းစာကြည့်တိုက်လုပ်ရခြင်းရည်ရွယ်ချက်ကတော့ ကလေးတွေ စာစီစာကုံးတွေ ဘာတွေပြိုင်ရင် စာအုပ်တွေရှာဖို့ လွယ်အောင်လို့ပါ...” တဲ့လေ။ 

ဖြစ်ရလေ။ စာစီစာကုံးပြိုင်ပွဲတစ်ခုတည်းအတွက် ရည်ရွယ်နေဆိုရင်ဖြင့်...။ 

ဘာပဲဖြစ်ဖြစ် စာကြည့်တိုက်ဖြစ်မြောက်ရေးကိုပဲ မျှော်လင့်နေမိတယ်။ မကြာပါဘူး။ စာအုပ်စင်လေးတွေ အသီးသီးရောက်လာပြီး စာအုပ်စင်လေးတွေပေါ်မှာ တခမ်းတနားတင်လာတာကတော့ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာနှစ်စောင်ကို၊ ငါးနှစ်စာလောက်ခွဲချုပ်ထားတဲ့စာအုပ်တွေကို တွေ့လိုက်ရပါတယ်။ ခဲလေသမျှ သဲရေကျရပါပေါ့လား။ ကျောင်းစာကြည့်တိုက်တွေ ဒီလိုနဲ့ သရောကြီးခိုင်းပေတော့မယ်။ 

(၃)

ကျောင်းတစ်ကျောင်းကတော့ စာကြည့်တိုက်ကို အကျအနအခန်း တစ်ခန်းပေးပြီး စာအုပ်အမျိုးအစား စုံစုံလင်လင်နဲ့ ကဏ္ဍတွေခွဲပြီး မှတ်တမ်းတင်စီစဉ်ထားတာ တွေ့ရတော့ ပျော်သွားမိတယ်။ ဒါပေမဲ့ တစ်နှစ်ကုန်တော့မှ အပျော်တွေဟာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ရပါတော့တယ်။ ဘာကြောင့် အဲဒီစာကြည့်တိုက်ဟာ ပင့်ကူမျှင်တွေနဲ့ ကျောင်းသူကျောင်းသားတွေ ဝင်ထွက်သွားလာခွင့် မရခဲ့လို့ပါပဲ။ 

တစ်လောကပဲ ငါန်းဇွန်မြို့နယ် “နတ်ကြီး” ဆိုတဲ့ရွာ အထက်တန်းကျောင်းအုပ်ကြီးတစ်ယောက်က စာကြည့်တိုက်လုပ်ချင်တယ်ဆိုလို့ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက စာရေးဆရာထက်ငြိမ်းဝေကိုဖိတ်တော့ ကျွန်တော်ပါလိုက်ပြီး တက်တက်ကြွကြွနဲ့ ဟောပြောပေးဖြစ်တယ်။ စာအုပ်တွေ လှူဒါန်းဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာမကြီးကလည်း ပြုံးလို့ရွှင်လို့၊ ကလေးတွေကတော့ စာအုပ်တွေကို သူစိမ်းပြင်ပြင်ကြည့်လို့ ပါပဲ။ ရေရှည်မှာ စာဖတ်သူတွေဖြစ်လာဖို့ စာဖတ်လို့ တိုးတက်လာတဲ့ မြန်မာလူမျိုးအကျော်အမော်တွေ နိုင်ငံတကာကအကျော်အမော်တွေအကြောင်း ပြောပြဖြစ်ပါတယ်။ 

ကလေးတွေကတော့ သိပ်စိတ်မပါပါဘူး။ 

နေအပူ၊ လေအပူ၊ လူအပူကို ကျောကော့ခံပြီး ဟိုကြည့်ဒီကြည့် နားထောင်နေကြတာများပါတယ်။ အခြေခံအဆောက်အဦဖြစ်တဲ့ လျှပ်စစ်မီးမရသေးတာ၊ ပန်ကာမရှိတာကြောင့် စာဖတ်ဖို့ စကားဝိုင်းပြောတဲ့ခန်းမကြီးထဲမှာ ပြုတ်အိုက်နေကြတဲ့ သူတို့လေးတွေဟာ စာဖတ်ဖို့ထက် ပန်ကာရဖို့ ပိုလိုချင်နေကြပုံ ရပါတယ်။ 

(၄)

ထင်တဲ့အတိုင်းပါပဲ။ 

စာကြည့်တိုက်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်ကြီးကို တစ်လတစ်ခါ မန္တလေးလာပါ။ စာအုပ်တွေ၊ ဂျာနယ်တွေ စုထားပါ့မယ်။ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးဖို့လုပ်ပါလို့မှာခဲ့ပေမယ့် အကျိုးတော်ဆောင်ကြီး မန္တလေးကိုမလာတော့ပါဘူး။ နတ်ကြီးရွာကျောင်းရဲ့ စာကြည့်တိုက်လေးလည်း အခုတော့ ပင့်ကူမျှင်တွေနဲ့ ယှက်သိုင်းနေတော့မှာ သေချာလှပါတယ်။ 

ကျွန်တော်တို့ငယ်စဉ်က ကျောင်းစာကြည့်တိုက်မှာတော့ တကယ့်ကို စာအုပ်တွေ စုံအောင်ထားပေးတယ်။ ပြီးတော့ ပန်းချီဆွဲဖို့ဖန်တီးပေးထားသေးတယ်။ ရေဆေးဘူးတွေ၊ ဆီဆေးဘူးတွေ၊ ပုံဆွဲစက္ကူတွေ ဒီအတိုင်းယူဆွဲခွင့်ပေးထားပါတယ်။ ကျောင်းသူကျောင်းသားတွေကိုလည်း စာကြည့်တိုက်ဝင်ချိန် သတ်မှတ်ပေးထားတယ်လို့ ကျွန်တော်မှတ်မိပါတယ်။ ဦးဆောင်သူ စာကြည့်တိုက်မှူးဆရာကြီးကိုယ်တိုင်က စာရေးဆရာဆိုတော့ ကျွန်တော်တို့ တစ်ကျောင်းလုံး စာဖတ်ဖြစ်ကြတယ်။ 

စာဖတ်ဖြစ်ကြတော့ ကျောင်းဟာနာမည်ရလာတယ်။ 

ယဉ်ကျေးကြတယ်။ ရည်မွန်ကြတယ်။ 

တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီကြတယ်။ 

ဆရာမိဘ ရိုသေကြတယ်။ 

တိုင်းကျိုးပြည်ရွက်သမားတွေ ကျွန်တော်တို့ကျောင်းက အများကြီး ထွက်လာတော့တယ်။ ဒါကျောင်းရဲ့လျှို့ဝှက်ချက်ပါပဲ။ စာဖတ်ကြတာပါ။ စာဖတ်ဖြစ်ကြတာပါ။ စာဖတ်တော့ ပြည့်ဝလာတာပဲပေါ့။ 

(၅)

အခုလို အိုင်တီခေတ်ကြီးထဲမှာ အွန်လိုင်းပေါ်ပဲ ရောက်နေကြတဲ့လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေကို စာကြည့်တိုက်တွေထဲ ရောက်လာဖို့ ဘယ်လိုဆွဲဆောင်ကြမလဲ စဉ်းစားရပါမယ်။ 

အွန်လိုင်းပေါ်က ရောင်စုံ၊ အရုပ်စုံ၊ လှုပ်ရှားမှုအစုံနဲ့ ဆွဲဆောင်ထားတဲ့ ညှို့ချက်ကိုကျော်လွန်ဖို့ အသေအချာစဉ်းစားဖို့ လိုပါလိမ့်မယ်။ 

တကယ်တော့ အွန်လိုင်းအင်တာနက်ဟာလည်း သုံးတတ်ရင် ဆေးပါပဲ။ မိုးပေါ်က စာကြည့်တိုက်ကြီးတစ်ခုထဲ ဝင်နေမိပါလျက်ကယ်နဲ့ စာမဖတ်ဖြစ်ကြတာပဲ လူဖြစ်ရှုံးပါတယ်။ 

ဘီယာဆိုင်တွေ မှိုလိုပေါက်နေတဲ့ကြား စာကြည့်တိုက်တွေ ခလုတ်တိုက်မိလောက်အောင်ထိ တည်ဆောက်ကြဖို့လိုမယ်။ အမျိုးသားစာကြည့်တိုက်ကို လူမရှိတဲ့နေပြည်တော်ကို ပြောင်းထားတာလည်း မကောင်းပါ။ ကျွန်တော် မျှော်လင့်ထားတာကတော့ မြန်မာပြည်အနှံ့အပြား တစ်နံတစ်လျား ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေ၊ ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လှုံ့ဆော်တည်ဖွဲ့ပေးကြစေချင်ပါတယ်။ ပွဲပြီးမီးသေဆိုသလို စာကြည့်တိုက်ဖွင့်ပွဲ နောက်နေ့ပြန်ပိတ်ထားတဲ့ စာကြည့်တိုက်မျိုးတွေ မဖြစ်ဖို့တော့ လိုပါတယ်။ 

(၆)

စာဖတ်ခြင်းဟာ ပြည့်ဝစေတယ်တဲ့။ 

မျိုးသည်မင်း



FOLLOW US