News

POST TAGGED AS

ပျားရည်ဆွမ်း

ကျွန်းစုမြို့နယ်တွင် နှစ် ၆၀ မြောက် ပျားရည်ဆွမ်းလောင်း


မြိတ်၊ ဧပြီ ၃၀

မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဧပြီလ ၂၉ ရက် (ကဆုန်လပြည့်နေ့) က ပျားရည် ဆွမ်းလောင်းလှူပွဲ ကျင်းပခဲ့ပြီး သံဃာတော်နှင့်သီလရှင် အပါး ၃၀၀ နီးပါးအား လောင်းလှူခဲ့သည်။

ယခုအကြိမ်သည် ပျားရည်ဆွမ်း လောင်းလှူပွဲကျင်းပသည့် ၆၀ နှစ်မြောက်ဖြစ်ကာ ယင်းမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ၊ ထိန်ချောင်းကျောင်းတိုက် (အောင်တော်မူ သာသနာ့ရိပ်သာ) တွင် ကျင်းပခဲ့ကြောင်း ဆွမ်းလောင်းပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

လောင်းလှူမည့် ပျားရည်များကို တပေါင်းလကတည်းက တောတောင်များထဲရှိ ပျားအုံများမှ စုဆောင်းခြင်း၊ ထင်းရှူးပုံးများဖြင့် နေအိမ်အနီးအနားတွင် ပျားများမွေးမြူခြင်းတို့ဖြင့် ပျားရည်များ ရရှိခဲ့ကြကြောင်း ထိန်ချောင်းရွာသားတချို့က ရှင်းပြသည်။

“ပျားပုံးတွေ ထောင်ထားတယ်။ ရတဲ့ပျားရည်တချို့ကို ဆွမ်းလောင်းဖို့အတွက် ဖယ်ထားတယ်၊ ကျန်တာက ရောင်းလိုက်ပြီ”ဟု ထိန်ချောင်းရွာသူ ဒေါ်တင်တင်ရီက ပြောသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်းပွဲကို ထိန်ချောင်းရွာအပြင် ရွာပတ်ဝန်းကျင်ရှိ ကန့်တလူ၊ မရမ်းချောင်း၊ တီးပု၊ ကဘင်း ချောင်း၊ ရေသေဆိပ်၊ ကမာတောင် စသည့်ကျေးရွာများတွင် နေထိုင်သူများလည်း လာရောက်လှူဒါန်းခဲ့ကြကြောင်း ယင်းပွဲ ကျင်းပရေးကော်မတီမှ သိရသည်။

ထိန်ချောင်းကျေးရွာတွင် ပျားရည်ဆွမ်း လောင်းလှူပူဇော်ပွဲကို နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိသည်။

Dawei Watch



FOLLOW US