News

POST TAGGED AS

ပဲခူးတိုင်း

စစ်တောင်းမြစ်ရေတက်၍ တောင်ငူရှိ ရပ်ကွက် ၂၀ ကျော် ရေဝင်၊ လူ ၁၂,၀၀၀ ခန့် ရေလွတ်ရာသို့ ပြောင်း
တောင်ငူ၊ ဩဂုတ် ၃၀

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ခြင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်လာပြီး ရေဘေးသင့်သူဦးရေ ၁၂၀၀၀ ခန့် ထပ်မံတိုးလာကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

စစ်တောင်းမြစ်ရေ မြင့်တက်လာ၍ တောင်ငူမြို့ရှိ အနိမ့်ပိုင်းရပ်ကွက် ၂၀ ကျော်ရေဝင် ပြီး လူဦးရေ ၁၂,၀၀၀ ခန့်ကို ရေဘေးစခန်း ၂၀ ကျော်ဖွင့်လှစ်ပေးထား ကြောင်း တောင်ငူမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းသီဟဇော်က ပြောကြားသည်။

“ကယ်ဆယ်ရေးစခန်းတွေမှာ စားသောက်စရာတွေသာမက ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပြုလုပ်ပေးနေတယ်။ မြစ်ကမ်းပါးက ခေါင်တဲ့ရွာတွေကိုလည်း စက်လှေတွေနဲ့ စားနပ်ရိက္ခာတွေ ပေးပို့ထားတယ်”ဟု ၎င်းက ပြောကြားသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့အနောက်ဘက် သိုင်းချောင်းကျေးရွာအနီးရှိ ဆွာချောင်းကို ပိတ်ဆို့တည်ဆောက်ထားသည့် ဆွာချောင်းရေလှောင်တမံ ရေထိန်းတံခါး ဩဂုတ်လ ၂၉ ရက်က ကျိုးပေါက်ပျက်စီးမှုကြောင့် တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေကြီးရေသည် ဩဂုတ်လ ၃၀ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာသည့်အတွက် တောင်ငူရပ်ကွက်များ ရေကြီးရေလျှံမှုများဖြင့် ကြုံတွေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“မနေ့ ညနေပိုင်းက စတက်တာ။ ကနေ့မနက်မှာ ပစ္စည်းရွှေ့ချိန်တောင် မရဘူး။ အခုဘုရားပေါ် တက်နေရတယ်။ ခုလောက်ရေတက်တာမြန်တာ တစ်နှစ်မှ မဖြစ်ဖူးဘူး”ဟု တောင်ငူမြို့ ကြက်သျှာစွန်း ရပ်ကွက်နေ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက ပြောကြားသည်။

ဆွာချောင်းတမံ ရေပိုရေလွှဲမှ ဩဂုတ် လ ၂၆ ရက်နေ့မှစ၍ ရေကျော်ကျမှုများ ဖြစ်ပေါ်နေသော်လည်း ဆည်ကြံ့ခိုင်မှု ကောင်းမွန်သည်ဟု နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာတွင် ဩဂုတ်လ ၂၈ ရက်နေ့က ဖော်ပြပြီးနောက်တစ်ရက် ဩဂုတ်လ ၂၉ ရက် နံနက် ၄ နာရီခန့်က ယင်းတမံ ရေထိန်းတံခါးကျိုးပေါက် ပျက်စီးခဲ့၍ ဆွာနှင့် ရေတာရှည်မြို့များတွင် ရေဘေးရှောင် ၆၀,ဝ၀၀ ကျော် ရေဘေးရှောင်ခဲ့ရပြီးနောက် ဆွာချောင်းမှတစ်ဆင့် ရေစီးဝင်ခြင်းကြောင့် စစ်တောင်းမြစ်ရေကြီးခြင်းကို ထပ်မံရင်ဆိုင်နေရသည်။

ဇူလိုင်လနောက်ဆုံးပတ်အတွင်းမှ စတင်၍ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိခြင်းကြောင့် တောင်ငူ၊ မဒေါက်မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ်မြောက် မြစ်ရေကြီးခြင်းကို ရင်ဆိုင်ခဲ့ရသည့်အတွက် တောင်ငူမြို့တွင် ရေကြီးရေလျှံခြင်းများကို တွေ့ကြုံနေရခြင်းဖြစ်သည်။

လက်ရှိစစ်တောင်းမြစ်ရေသည် တောင်ငူတွင် စိုးရိမ်ရေမှတ် ၆၀၀ စင်တီ မီတာအထက် ၆၂ စင်တီမီတာနှင့် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၀၇၀ စင်တီမီတာတို့အထက်သို့ ကျော်လွန်နေသည့်အတွက် မြစ်ကမ်းနားတစ်ဝိုက် နေထိုင်သူများအနေနှင့် သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း မြို့နယ်များတွင် ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူဦးရေ ၁၃၀,ဝ၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး မိုးစပါး စိုက်ဧက လေးသိန်းကျော် ရေဝင်နစ်မြုပ်ခဲ့ကာ သုံးပုံတစ်ပုံနီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ 

R-15



FOLLOW US