News

POST TAGGED AS

ပူတင်

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ဆိုက်ဖျက်သိမ်းမှုကို သမ္မတထရမ့်ချီးကျူး၊ ကင်ဂျုံအန်းနှင့် ဆက်ဆံရေးကောင်းထူထောင်ထားသည်ဟု ပြောကြား


ဝါရှင်တန်၊ ဇူလိုင် ၂၅

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်သည့်နေရာတစ်ခုကို မြောက်ကိုရီးယားနိုင်ငံ စတင်ဖျက်သိမ်းနေပြီဟူသော သတင်းများနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ကင်ဂျုံအန်းနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ထူထောင်ထားနိုင်သည့်အတွက် ဝမ်းမြောက်သည်ဟု ချီးမွမ်းပြောဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

နောက်ဆုံးထွက်ပေါ်လာသည့် ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ရာတွင် အရေးပါသည့်နေရာတစ်ခုကို စတင်ဖြုတ်သိမ်းနေသည်ကို တွေ့ရသည့်အတွက် အထူးပင် အသိအမှတ်ပြုပါကြောင်း ထရမ့်က ဆိုသည်။ 

မီဇိုရီပြည်နယ် ကန်းဆပ်စီတီ၌ ကျင်းပပြုလုပ်သော စစ်ဘက်ဆိုင်ရာအခမ်း အနားတစ်ခု၌ သမ္မတထရမ့်က အထက်ပါအတိုင်း သုံးသပ်ပြောဆိုခြင်းဖြစ်သည်။ 

ဇွန်လ ၁၂ ရက်နေ့ စင်ကာပူတွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သော်လည်း ထူးခြားသည့်ရလဒ်တစ်စုံတစ်ရာ ထုတ်ဖော်နိုင်ခြင်းမရှိ သို့မဟုတ် နျူကလီး ယားလက်နက် ဖြုတ်သိမ်းရေးအတွက် အသေးစိတ်အစီအစဉ် ထုတ်ပြန်နိုင်ခြင်း မရှိဟူသော ဝေဖန်ပြောဆိုမှုများ မြင့်တက် နေစဉ် ထရမ့်က ယင်းသို့ တုံ့ပြန်လိုက်သည့် သဘောလည်းဖြစ်သည်။ 

“မြောက်ကိုရီးယားရဲ့ ဥက္ကဋ္ဌကြီး ကင်ဂျုံအန်းနဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲဟာ အင်မတန်ထူးခြားကောင်း မွန်မှုရှိခဲ့ပါတယ်။ ရှေ့လျှောက် ကောင်းမယ့် အခြေအနေလည်း ရှိပါတယ်” ဟု ဒေါ်နယ် ထရမ့်က ပြောကြားသည်။ 

အဆိုပါ ထိပ်သီးဆွေးနွေးပွဲပြီးစက သမ္မတထရမ့်က မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုမရှိတော့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အချို့သော အမေရိကန်မီဒီယာများက ထရမ့်သည် မြောက်ကိုရီးယားနျူကလီးယားဖြုတ်သိမ်းရေးကိစ္စအတွက် တစ်ဦးတည်း အသည်းအသန်ကြိုးပမ်းနေကြောင်း ဝေဖန်ရေးသားခဲ့သည်။

အမေရိကန်အခြေစိုက် 38 North ဟု အမည်ရသည့် ဝက်ဘ်ဆိုက်က တနင်္လာနေ့က ဖော်ပြရာတွင် မြောက်ကိုရီးယားနိုင်ငံတွင်း ဒုံးကျည်အင်ဂျင်စမ်းသပ်စင်နှင့် အဆောက်အအုံတစ်ခုတို့ကို စတင်ဖျက်သိမ်းနေသည့်ပုံများကို ဖော်ပြခဲ့သည်။ 

ယင်းစမ်းသပ်စခန်း၏အမည်မှာ ဆိုဟာဟုအမည်ရပြီး မြောက်ကိုရီးယားနိုင်ငံ၏ အနောက်မြောက်ဘက် ကမ်းခြေဒေသတွင်တည်ရှိသည်။

ယင်းသတင်းနှင့်တပ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ယခုထွက်ရှိလာသောသတင်းနှင့် ဂြိုဟ်တုပုံများသည် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ထုတ်ဖော်အသိပေးသွားသော ကတိစကားများနှင့် တစ်ထပ်တည်းကျသည်ဟု ဆိုသည်။ 

“ဒုံးကျည်အင်ဂျင် စမ်းသပ်တဲ့နေရာကို ဖြုတ်သိမ်းတဲ့အခါ စုံစမ်းစစ်ဆေးရေးသမားတွေပါ အဲဒီနေရာမှာရှိနေပေးဖို့ ကျွန်တော်တို့ ဖိအားပေးခဲ့ပါတယ်။ သူတို့အနေနဲ့ နျူကလီးယားဖြုတ်သိမ်းမှုကို အပြည့်အဝလုပ်ကိုင်ပေးရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဥက္ကဋ္ဌကင်ဂျုံအန်းရဲ့ ကတိစကားဖြစ်သလို ကမ္ဘာကြီးရဲ့တောင်းဆိုမှုလည်းဖြစ်ပါတယ်” ဟု မိုက်ပွန်ပီယိုက ပြောကြားသွားသည်။

F-01



FOLLOW US