News

POST TAGGED AS

ပုလော

မြိတ်တွင် ထီးတော်တင်ရန်ဟု လိမ်လည်ကာ ငွေအလှူခံ
မြိတ်၊ ဇွန် ၉

မြိတ်တွင် ဘုရားထီးတော်တင်ရန်ဟု လိမ်လည်ကာ ငွေလိုက်လံအလှူခံသူရှိကြောင်း ငွေအလိမ်ခံရသူအချို့နှင့် ရွှေအင်းဝတောင် ရာမညကျောင်းထံမှ သိရသည်။

မြိတ်မြို့ စန္ဒဝတ်ကျေးရွာ သဲအင်းဂူ ရိပ်သာလမ်းရှိ ရွှေအင်းဝတောင် ရာမညကျောင်းတွင် ထီးတော်တင်ရန်အတွက် အလှူငွေလိုအပ်သည်ဟု လိမ်လည်ပြီး အလှူခံနေခြင်းဖြစ်ကြောင်း ယင်းကျောင်းဆရာတော် အရှင်နေမိန္ဒ (ဓမ္မာစရိယ) က မိန့်ကြားသည်။

အလှူငွေ လိမ်လည်အလှူခံသူမှာ ၎င်းနှင့်နီးစပ်သည့် အသိမိတ်ဆွေများထံတွင် အလှူခံခြင်းဖြစ်ကြောင်း ငွေလှူလိုက်မိသူအချို့က ပြောသည်။

“သူငယ်ချင်းတွေစုပြီး ရွှေအင်းဝကျောင်းမှာ စေတီပြုပြင်နေတာ။ စေတီမှာ ထီးတင်ဖို့ ထီးတော်တစ်လက် လိုနေတယ်လို့ ပြောပြီး အလှူခံတာ”ဟု ဘုရားကိုင်ရပ်ကွက်နေ မရွှေဇင်စိုးက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလမတိုင်ခင် အချိန်က ထီးတော်အတွက် ငွေကျပ်နှစ်သောင်းခွဲ လှူဒါန်းလိုက်ပြီး ယင်းသို့လှူဒါန်းပြီးနောက် ရွှေအင်းဝကျောင်း ဆရာတော်သို့ သွားရောက် လျှောက်ထားခဲ့ရာ လိမ်လည်ခံရမှန်းသိခဲ့ရကြောင်း မရွှေဇင်စိုးက ပြောပြသည်။

လိမ်လည် အလှူခံသူမှာ အသိမိတ်ဆွေဖြစ်နေခြင်းနှင့် ငွေပမာဏ နည်းပါးခြင်းတို့ကြောင့် ငွေကို ပြန်မတောင်းဖြစ်ကြသည့်အပြင် ရဲစခန်းသို့ တိုင်ကြားအမှုဖွင့်ထားခြင်းမျိုးလည်း မရှိကြောင်း ငွေလှူလိုက်သူအချို့ထံမှ သိရသည်။

အလှူငွေ လှူမိသူများအနက် ရွှေအင်းဝတောင် ရာမညကျောင်းတွင် လာရောက်မေးမြန်းသူ ၁၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း အရှင်နေမိန္ဒ (ဓမ္မာစရိယ) က မိန့်ကြားသည်။

ရွှေအင်းဝတောင် ရာမညကျောင်းတွင် ထီးတင်ရန် မရှိသကဲ့သို့ အလှူခံလွှတ်ထားခြင်းလည်း မရှိကြောင်း ဆရာတော်က မိန့်သည်။

ကျောင်းတွင် လာရောက်မေးမြန်းသူများလာသဖြင့် နောက်လူများ အလိမ်မခံရစေရန် အသိပေးသည့်အနေနှင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ငွေလိမ်အလှူခံနေသူ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်တို့အား ဇွန်လ ၆ ရက်နေ့က ဖော်ပြပေးထားကြောင်း ရွှေအင်းဝတောင် ရာမညကျောင်းမှ သိရသည်။

၎င်းအပြင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေရဲကင်းစခန်းနှင့် မြို့မရဲစခန်းတို့အား အသိပေး အကြောင်းကြားထားကြောင်း ယင်းကျောင်းထံမှ သိရသည်။

Dawei Watch



FOLLOW US