News

POST TAGGED AS

ပို့ကုန်မဟာဗျူဟာ

ပို့ကုန်မဟာဗျူဟာတွင် သီးနှံများတန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ထည့်သွင်းမည်


ရန်ကုန်၊ ဩဂုတ် ၃၀

အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်း (National Export Strategy) တွင် သီးနှံများ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စက်မှုဇုန်များဖြစ်မြောက်ရေးကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

တန်ဖိုးမြှင့် (Value Added) ထုတ်လုပ်သည့် လုပ်ငန်းများနှင့် စက်မှုဇုန်များ ဖြစ်မြောက်ရေးကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် Agro Food Processing Sector အဖြစ် ထည့်သွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

“Value Added လုပ်တဲ့ လုပ်ငန်းတွေ၊ စက်မှုဇုန်တွေဖြစ်မြောက်ရေးကို မဟာဗျူဟာမှာ ထည့်သွင်း အကောင်အထည်ဖော်ပေးသွားမှာပါ”ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

သီးနှံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်ပေါပေါများများထွက်ရှိသည့် ပြင်ဦးလွင်တွင်ပင် သီးနှံအခြောက်ခံစက် အသုံးပြုမှု အလွန်နည်းပါးပြီး သီးနှံစိုက်တောင်သူများအနေနှင့် ဝယ်လိုအားမငြိမ်ခြင်း၊ ဈေးနှုန်း မငြိမ်ခြင်းတို့ကို ရင်ဆိုင်နေရသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပို့ကုန်မဟာဗျူဟာတွင် ပို့ကုန်တိုးမြှင့်နိုင်သည့် ဦးစားပေးကဏ္ဍများအဖြစ် ဆန်စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ရေထွက်ကုန်များ၊ သစ်တောထွက်ကုန်များ၊ အထည်ချုပ်ပစ္စည်း၊ ရော်ဘာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ၊ လက်မှုအချောထည်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတို့ကို ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

J-11



FOLLOW US