News

POST TAGGED AS

ပုသိမ်

19-Aug-2018

ပုသိမ်
ပုသိမ်မြို့နယ်အတွင်း အမည်တူကျေးရွာများရှိနေ၍ စီမံခန့်ခွဲရေး ရှုပ်ထွေးဟုဆို
ပုသိမ်၊ ဩဂုတ် ၁၉ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း အမည်တူကျေးရွာပေါင်း ၂၂ ရွာရှိနေသဖြင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များတွင် ရှုပ်ထွေးမှုများရှိကြောင်း ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောကြားသည်။

ပုသိမ်မြို့နယ်တွင် အမည်တူရွာပေါင်း ၂၂ ရွာရှိနေပြီး ညောင်ကုန်းဟူသည့် ရွာနာမည်နှင့် အလယ်ရွာ၊ တောင်တန်းကုန်း၊ မင်းကုန်း၊ ရွာသစ်၊ ပေါက်ကုန်း စသည့် ကျေးရွာအုပ်စုငါးခုတွင် ရှိနေကြောင်း၊ ထို့ပြင် သစ်ပုတ်ကုန်းဟူသည့် နာမည်ဖြင့်လည်း ရွာသုံးရွာရှိနေရာ ယင်းရွာများသည့် ပြည်ထဲရေးအမည်ပေါက်ရွာများဖြစ်ပြီး ပြည်ထဲရေးအမည် မပေါက်သည့် ရွာနာမည်တူများလည်း မည်မျှရှိနေမည်ကို မပြောနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ထန်းတပင်မြို့ဆိုတာ ရန်ကုန်တိုင်းမှာလည်းရှိ ပဲခူးတိုင်းမှာလည်းရှိတော့ ရန်ကုန်ထန်းတပင်၊ ပဲခူးထန်းတပင်လို့ ခေါ်နေကြရသလိုပေါ့”ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့နယ်အတွင်း အမည်တူ ကျေးရွာ ၂၂ ရွာရှိနေသည်ဆိုသော်လည်း ပြည်ထဲရေး အမည်ပေါက်စာရင်းအရ မဲဆန္ဒနယ် (၁) နှင့် (၂)တွင် အမည်တူကျေးရွာ ၈ ရွာ၊ မဲဆန္ဒနယ် (၁)တွင် ၃ ရွာ၊ မဲဆန္ဒနယ် (၂)တွင် ၄ ရွာ စုစုပေါင်း ၁၅ ရွာရှိကြောင်း၊ အဆိုပါရွာများကို အမည်ပြောင်းလဲပြင်ဆင်လိုပါက ၂၀၀၈ ခုနှစ်၊ အခြေခံ ဥပဒေပုဒ်မ ၅၄ အရ ဆောင်ရွက်ရမည်ဖြစ်ပြီး ကျေးရွာအုပ်စု၊ ကျေးရွာအမည် ပြောင်းလဲလိုပါက ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်၏သဘောထား၊ ကျေးရွာ မြေပုံအချက်အလက်များ၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးမှတ်တမ်းတို့နှင့်အတူ ဝန်ကြီးချုပ်၏ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရမည်ဖြစ်ပြီး ထွေ/အုပ်ရုံးချုပ်သို့ မိတ္တူတစ်စုံပေးပို့ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ နာမည်တူ ကျေးရွာတွေကို အုပ်စုနာမည် ရှေ့ကတပ် ခေါ်လိုက်တာပေါ့။ ဥပမာ ညောင်ကုန်းဆိုရင် အလယ်ရွာညောင်ကုန်း၊ တောင်တန်းကုန်းညောင်ကုန်း၊ မင်းကုန်းညောင်ကုန်း၊ ရွာသစ်ညောင်ကုန်း၊ ပေါက်ကုန်းညောင်ကုန်း စသည်ဖြင့် အဲလိုပဲ ခေါ်ပြောနေရတာပေါ့”ဟု ပုသိမ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကဆိုသည်။

ပုသိမ်မြို့နယ်တွင် ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၆၀ ခန့်နှင့် ပြည်ထဲရေး အမည်ပေါက်ကျေးရွာပေါင်း ၂၈၇ ရွာရှိနေပြီး ယင်းတို့အနက်မှ အမည်တူ ကျေးရွာ ၂၂ ရွာရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်ရုံးထံမှ သိရသည်။

R-11



FOLLOW US