News

POST TAGGED AS

နာဂဒေသ

စာရာမေတိတောင်ကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရန် ဒေသခံများနှင့် ညှိနှိုင်းမည်
ကလေး၊ ဖေဖော်ဝါရီ ၎

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စာရာမေတိတောင်နှင့် ပတ်ဝန်းကျင်ဧရိယာများကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် စီစဉ်မှုကို ဒေသခံများက ကန့်ကွက်မှုများ ရှိနေသည့်အတွက် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

စာရာမေတိတောင်နှင့် ပတ်ဝန်းကျင် ဧရိယာဧက ၅၅,၇၈၇ ဧကကို အမျိုးသား ဥယျာဉ်အဖြစ် ဖွဲ့စည်းနိုင်ရေးနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်တစ်ခု ဖော်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ 

“လောလောဆယ် ဒီနယ်မြေကို အားလုံးပေါင်းစုပြီးတော့ ထိန်းသိမ်းကာကွယ်နိုင်ဖို့ ကြိုးပြင် ကာကွယ်တောအဖြစ် အဆိုပြုတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆိုပြုပြီးကာမှ အားလုံး သဘောမတူဘူးဆိုရင် ဆက်မလုပ်လို့လည်း ရပါတယ်”ဟု ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က လေရှီးမြို့တွင် သစ်တောဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံနာဂတိုင်းရင်းသားများ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နာဂတိုင်းရင်းသားများ၏ သဘောဆန္ဒအနေနှင့် အမျိုးသား ဥယျာဉ်အဖြစ် ဖွဲ့စည်းခြင်းကို လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် 
မြေယာ ပြဿနာများ ဖြစ်ပွားနေသည့်အတွက် မည်သည်ကိုမှယုံကြည်၍ မရသေးသဖြင့် နာဂတိုင်းရင်းသားများတွင် ခိုင်မာသည့် စနစ်တစ်ခု ရှိပြီးသားဖြစ်ရာ ရပိုင်ခွင့်နှင့် စီမံပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ တောင်းဆိုမှုများသည် စာရာမေတိတောင် ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် နာဂ တိုင်းရင်းသားအားလုံးနှင့် တွေ့ဆုံဆွေးနွေးပြီး ရရှိလာသည့်ဆန္ဒအရ ကန့်ကွက်နေခြင်းဖြစ်ကြောင်း မကူရီနာဂလူငယ်များ အစည်းအရုံးဥက္ကဋ္ဌ ဒေါ်ဆန်းစစ်ရှီးက ပြောကြားသည်။

“ဒေသခံ ပြည်သူတွေကို ကောင်းကောင်းမွန်မွန် ချပြရမယ်။ ပြည်သူတွေက လက်ခံတယ်ဆိုရင် လုပ်သင့်တယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေက လက်မခံဘဲနဲ့ ငါတို့ အစိုးရ ငါတို့ဆုံးဖြတ်တာ အတည်ဆိုရင်တော့ အစိုးရနဲ့ ပြည်သူရင်ဘတ်ချင်း ဝေးသွားမယ် ဆိုတာလေးတော့ အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါ ပြောထားတယ်”ဟု နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က ပြောဆိုသည်။

R-20



FOLLOW US