News

POST TAGGED AS

ဒုံးပျံ

အာကာသလွန်းပျံယာဉ်ခေတ်နောက်ပိုင်း အားအကောင်းဆုံးဒုံးပျံ Falcon Heavy လွှတ်တင်


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင် အယ်လွန်မက်စ်၏ Space X ကုမ္ပဏီသည် အာကာသလွန်းပျံယာဉ်ခေတ်နောက်ပိုင်း အားအကောင်းဆုံးဒုံးပျံ Falcon Heavy ကို ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသစင်တာမှ လွှတ်တင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဧရာမဒုံးပျံကြီးသည် လွှတ်တင်စင်မှနေ၍ မတော်တဆမှု တစ်စုံတစ်ရာမရှိဘဲ အတ္တလန္တိတ် သမုဒ္ဒရာကို ကျော်ပြီး ထွက်ခွာသွားခဲ့သည်။

မအောင်မြင်မီအထိ မရေရာသော စမ်းသပ်လွှတ်တင်မှုအဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။ မက်စ်ကရော့ကတ် ဒုံးပျံသစ်ဖန်တီးမှုတွင် ပထမဆုံးအကြိမ်၌ အောင်မြင်နိုင်ခြေမှာ ၅၀-၅၀ သာရှိသည်ဟု စကားကြိုခံထားခဲ့သည်။

“လွှတ်တင်စင်ပေါ်မှာတင် ဧရာမပေါက်ကွဲမှုကြီးဖြစ်ပြီး လမ်းပေါ်ကို ဘီးကြီးလွင့်လာတယ်လို့ ကြိုမြင်ယောင်ထားတာ၊ ကံကောင်းထောက်မစွာနဲ့ အဲဒီလိုဖြစ်မသွားဘူးပေါ့”ဟု မက်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အောင်မြင်သွားသောကြောင့် Falcon Heavy သည် အာကာသတွင်းသို့ ဝန်အများဆုံး ထည့်သွင်းပစ်လွှတ်နိုင်သည့် ယာဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ယင်းဒုံးပျံကို မြေကမ္ဘာအနိမ့်ပိုင်း ပတ်လမ်းဝန်ဖြင့် တွက်မည်ဆိုပါက ၆၄ တန်အထိ တင်ဆောင်နိုင်ရန် ဒီဇိုင်းဆွဲထားရာ လန်ဒန်မှ နှစ်ထပ်ဘတ်စ်ကား ငါးစီးစာ အာကာသတွင်းသို့ လွှတ်တင်နိုင်သည်။

Falcon Heavy သည် ဒုတိယမြောက် အားအကောင်းဆုံး ဒုံးပျံ Delta IV Heavy ထက် ဝန်နှစ်ဆ တင်နိုင်သလို ကုန်ကျစရိတ်မှာလည်း သုံးပုံတစ်ပုံသာ ရှိသည်ဟု Space X ကုမ္ပဏီ စီအီးအို မက်စ်က ဆိုသည်။

စမ်းသပ်မှုဖြစ်သလို မရေရာသော မစ်ရှင်လည်းဖြစ်သောကြောင့် ပိုသေးပြီး ဝန်မများသည့် သူ၏ ချယ်ရီနီရောင် Tesla စပို့ကားတစ်စင်းကိုသာ ထည့်သွင်းလွှတ်တင်ခဲ့သည်။

ယင်းကား၏ ယာဉ်မောင်းထိုင်ခုံတွင် လူရုပ်တစ်ခုကို အာကာသဝတ်စုံဝတ်ဆင်ကာ ထည့်ပေးထားပြီး ရေဒီယိုတွင် David Bowie ၏ သီချင်းများကို ထပ်ကျော့ ဖွင့်ပေးထားခဲ့သည်။

Tesla ကားနှင့် ခရီးသည်လူရုပ်သည် နေကိုပတ်သော ဘဲဥပုံလမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အင်္ဂါဂြိုဟ်အထိ ရောက်ရှိနိုင်သည်ဟု သိရသည်။

Falcon Heavy မှာ တကယ်တမ်းတွင် Space X ၏ Falcon 9 ဒုံးယာဉ်သုံးစင်း ပေါင်းထားခြင်းဖြစ်သည်။ ထို့ပြင် Space X ၏ ထုံးစံအတိုင်း အရှိန်တွန်း အဆင့်သုံးဆင့်နှင့် ဒုံးပျံ၏ အောက်ပိုင်းကိုယ်ထည်များကို ထိန်းချုပ်ပြီး ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်စေခဲ့သည်။ ယင်း နည်းလမ်းကြောင့် ဒုံးအစိတ်အပိုင်းများ ပြန်သုံးနိုင်ပြီး ကုန်ကျစရိတ် အထူးသက်သာစေသည်။

ဒုံးယာဉ်နှစ်စင်း၏ အရှိန်တွန်းစက် အောက်ပိုင်းကိုယ်ထည်များသည် ကနေဒီတောင်ပိုင်း ဖလော်ရီဒါ ကမ်းရိုးတန်းရှိ ဆင်းသတ်ရန် သတ်မှတ်ထားသော ဇုန်များပေါ်တွင် ဆင်းသက်နိုင်ခဲ့သည်။ ဒုံးနှစ်စင်းစလုံး မြေပြင်ပေါ် ဒေါင်လိုက်အနေအထားဖြင့် တစ်ပြိုင်နက်နီးပါး ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

“တကယ့် မော်ကွန်းတင်လိုက်တဲ့ ကိစ္စပါပဲ။ ကျုပ်မြင်ဖူးသမျှထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ”ဟု မက်စ်က ပြောကြားခဲ့သည်။

ကျန်တစ်စင်း၏ အရှိန်တွင်းစက်မှာ ပင်လယ်ပြင်တွင် အခြေစိုက်ထားသည့် လူမဲ့ဝမ်းပြား ဇက်သင်္ဘောပေါ်သို့ ကျဆင်းရန် စီစဉ်ထားသည်။ 

သို့သော်လည်း ဖြည်းဖြည်းချင်း ထိန်း၍ ဒေါင်လိုက်ဆင်းရန် ပြန်တွန်းနိုင်စွမ်း မလုံလောက်တော့သောကြောင့် ဆင်းရမည့် ဇက်သင်္ဘောကိုချော်ပြီး ရေထဲသို့ တစ်နာရီကီလိုမီတာ ၅၀၀ နှုန်းဖြင့် ပြုတ်ကျပျက်စီးသွားခဲ့သည်။

Falcon Heavy ဒုံးယာဉ်၏အပေါ်အဆင့်မှာ Tesla ကားကိုယ်သည်ပြီး အင်္ဂါဂြိုဟ်ပတ်လမ်းဆီသို့သွားမည့် လမ်းကြောင်းတွင်းသို့ ဦးတည်သွားခဲ့သည်။

ယင်းသို့ လွှတ်တင်နိုင်ရန် အပေါ်အဆင့်မှ အင်ဂျင်သည် သုံးကြိမ်သုံးခါ ပေါက်ကွဲတွန်းကန်ရန် လိုအပ်ပြီး နောက်ဆုံး တတိယအကြိမ်တွင် လမ်းကြောင်းရှည် ပျံသန်းပြီးမှ ပေါက်ကွဲတွန်းကန်ရခြင်းဖြစ်ရာ လွှတ်တင်ပြီး ခြောက်နာရီအကြာမှသာ ထိုအဆင့်ပါ အောင်မြင်ကြောင်း အတည်ပြုခဲ့သည်။ 
 
F-03



FOLLOW US