News

POST TAGGED AS

ဒုံးနည်းပညာ

အီရန်နှင့်စစ်မက်ဖြစ်ပါက စစ်ပွဲများအားလုံး၏ မိခင်နှင့်စစ်ဖြစ်ရသလိုဖြစ်လိမ့်မည်ဟု ဒေါ်နယ်ထရမ့်ကို အီရန်သမ္မတ သတိပေး


ဒူဘိုင်း၊ ဇူလိုင် ၂၃

အီရန်နိုင်ငံအပေါ် ရန်ငြိုးသိုသည့် မူဝါဒထားရှိရန် ကြိုးပမ်းနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနှင့် အီရန် နှင့်စစ်မက်ဖြစ်ပွားမည်ဆိုပါက ယင်းစစ် မက်သည် စစ်များထဲတွင် အကြီးမားဆုံး စစ်မက်ဖြစ်လိမ့်မည်ဟူသောအချက်ကို သိရှိထားသင့်သည်ဟု အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက သတိပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

သို့သော် အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား ငြိမ်းချမ်းရေးကိစ္စ အရေးမကြီးသည့်သဘောမျိုးဖြစ်အောင် သမ္မတ ရိုဟာနီက ပြောဆိုမှုမပြုခဲ့ပေ။ 

အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် အနောက်နိုင်ငံများနှင့် ရရှိထားသော နျူကလီးယားသဘောတူညီချက် အစီအစဉ်မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ရန် ဒေါ်နယ်ထရမ့်ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ ဖိအားပေးမှုများ၊ ဒဏ်ခတ်အရေးယူမှုများနှင့် ရင်ဆိုင်နေရသည်။ 

ယခု တနင်္ဂနွေနေ့က အီရန်သံတမန် များနှင့်တွေ့ဆုံရာတွင် သမ္မတရိုဟာနီက “သမ္မတထရမ့်အနေနဲ့ ခြင်္သေ့ရဲ့အမြီးနဲ့ ဆော့ကစားတာမျိုး မလုပ်သင့်ဘူး၊ အဲလိုဆော့ကစားမိရင် တစ်ချိန်မှာ ကြီးမားတဲ့ နောင်တပဲရမှာ” ဟု ပြောကြားကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

“အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းမှုတွေအားလုံးရဲ့ မိခင်ကြီးနဲ့ ငြိမ်းချမ်းမှုရထားသလိုပဲ။ အီရန်နဲ့စစ်ဖြစ်မယ်ဆိုရင်လည်း စစ်ပွဲတွေအားလုံးရဲ့ မိခင်ကြီးနဲ့ စစ်ဖြစ်ရသလိုပဲဖြစ်လိမ့်မယ်” ဟု သမ္မတ ရိုဟာနီက ထရမ့်အုပ်ချုပ်ရေးအဖွဲ့ကို တစ်ဖက်တွင် သတိပေးလိုက်သော်လည်း အခြားတစ်ဖက်တွင်မူ ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည့်သဘောမျိုးဖြစ်အောင် ပြောဆိုသွားသည်။ 

“အီရန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကိုဆန့်ကျင်တဲ့ အလုပ်တွေလုပ်ဖို့အခွင့်အရေး ခင်ဗျား(ထရမ့်)မှာ မရှိဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အမေရိကန်အစိုးရသည် အီရန်၏အစ္စလာမ္မစ်အစိုးရအဖွဲ့ကို မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းလျက်ရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ယင်းသို့သုံးသပ်ခြင်းလည်း ဖြစ်ဟန်ရှိသည်။ 

အီရန်နိုင်ငံ၏ ရေနံတင်ပို့မှုရပ်ဆိုင်းသွားအောင် လုပ်ပစ်မည်ဟု ထရမ့်၏ ခြိမ်းခြောက်ပြောဆိုထားကိုလည်း သမ္မတ ရိုဟာနီက လှောင်ပြောင်ပြောဆိုသည်။ 

“အီရန်ဟာ ပင်လယ်ကွေ့နဲ့ ဟော်မုရေလက်ကြားဒေသကို လွှမ်းမိုးထားနိုင်တဲ့အနေအထားရှိတာ မသိဘူးထင်တယ်။ ဒါကို သိတဲ့သူတွေအားလုံး အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် ဘာမှမပြောရဲကြပါဘူး” ဟု ဆိုသည်။ 

အီရန်၏ရေနံတင်ပို့မှုများ ရပ်ဆိုင်းခံလိုက်ရပြီဆိုပါက ပင်လယ်ကွေ့ဒေသရေနံတင်ပို့မှုကို ပိတ်ဆို့သင့်သည်ဟူသော ဟတ်ဆန်ရိုဟာနီ၏ အကြံပေးချက်ကို အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ထောက်ခံကြောင်း စနေနေ့က ပြောကြားခဲ့သည်။ 

အီရန်အစိုးရအရာရှိကြီးများကလည်း အကယ်၍ အမေရိကန်ပြည်ထောင်စုသာ ရန်စပြုမူသည့် လုပ်ရပ်များလုပ်ဆောင်လာမည်ဆိုပါက ဟောမုရေလက်ကြား ဒေသကို ပိတ်ဆို့ပစ်မည်ဟု ယခင်က ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။ 

အီရန်နှင့်စစ်မက်ဖြစ်မည်ဆိုပါက စစ်ပွဲများအားလုံး၏ မိခင်နှင့်စစ်ခင်းရသလို ဖြစ်မည်ဟူသော ဟတ်ဆန်ရိုဟာနီ၏ ပြောဆိုချက်ကို အီရန်မြေပြင်တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ် ကိုစမာဟေဒရီက ထောက်ခံလိုက်ကြောင်း Tasnim သတင်းဌာနက ရေးသားဖော်ပြသွားသည်။

F-01



FOLLOW US