News

POST TAGGED AS

ဒုံးကျည်

21-Aug-2018

အီရန် ဒုံးကျည်
ဒုံးကျည်လက်နက်စနစ် ဖွံ့ဖြိုးအောင် ဆက်လုပ်မည်ဟု အီရန်ပြော၊ တိုက်လေယာဉ်သစ်တစ်စင်းကိုလည်း ပြသမည်ဟုဆို


တီဟီရန်၊ ဩဂုတ် ၂၀ 

အီရန်နိုင်ငံအနေနှင့် လာမည့်သီတင်းပတ်အတွင်း ဂျက်တိုက်လေယာဉ် အမျိုးအစားသစ်တစ်စင်းကို ထုတ်ဖော်ပြသမည်ဖြစ်ပြီး ဒုံးကျည်လက်နက်ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးကိုလည်း ထိပ်တန်း ဦးစားပေးကိစ္စအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားလိုက်ကြောင်း France24 သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကုလသမဂ္ဂကအီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် ဒေသတွင်းဩဇာချဲ့ထွင်မှုကို ထိန်းချုပ်ရန် ဒဏ်ခတ်အရေးယူမှုများ ရှိထားသော်လည်း အီရန်ကအဆိုပါဒုံးကျည် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အာခံပြောဆိုသွားခြင်းလည်းဖြစ်သည်။ 

အီရန်ရေတပ်ကလည်း စစ်သင်္ဘောများပေါ်တွင် တပ်ဆင်နိုင်သည့် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ရပ်ကို ပြည်တွင်း၌ပင် ကောင်းစွာထုတ်လုပ်တပ်ဆင်နိုင်ပြီဖြစ်သည်ဟု စနေနေ့က ထုတ်ဖော်ပြောကြားလိုက်သည်။ အီရန်နှင့် အမေရိကန်စစ်တပ်တို့သည် လတ်တလော ကာလအတွင်း ပင်လယ်ကွေ့ဒေသတွင်း ဩဇာလွှမ်းမိုးမှုနှင့်ပတ်သက်၍ ဆက်ဆံရေး တင်းမာလျက်ရှိသည်။ 

“ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးကတော့ ကျွန်တော်တို့ဒုံးကျည်အစီအစဉ်ကို ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရေးပါပဲ။ အဲဒီဒုံးကျည် ထုတ်လုပ်တဲ့နယ်ပယ်မှာ ကျွန်တော်တို့ဟာ အခြေအနေအတော့်ကို ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ တိုးတက်ဖြစ်ထွန်းမှုရှိအောင် ဆက်လုပ်သွားဖို့လိုပါတယ်”ဟု အီရန်စစ်တပ်မှ ဗိုလ်မှူးချုပ် အာမီယာဟာတာမီက ပြောကြားသည်။ 

ထို့ပြင် ဩဂုတ် ၂၂ ရက်တွင်ကျ ရောက်မည့် အမျိုးသားကာကွယ်ရေး လုပ်ငန်းနေ့တွင်လည်း ဂျက်တိုက်လေယာဉ်တစ်စင်းကို ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း၊ ယင်းလေယာဉ်မည်သို့ တပ်ဆင်ထုတ်လုပ်ထားပြီး မည်သို့ပျံသန်းနိုင်သည်ကို ပြည်သူများ တွေ့မြင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

အီရန်သည် ၂၀၁၃ ခုနှစ်က ပြည်တွင်းထုတ် ဂျက်တိုက်လေယာဉ်တစ်စင်းကို ထုတ်လုပ်ပြသခဲ့သည်။ Qher 313 ဟု လူသိများသည့် ယင်းတိုက်လေယာဉ်၏ စွမ်းဆောင်ရည်ကို ပညာရှင်အချို့က သံသယဖြစ်ခဲ့ကြသည်။ ထို့ပြင် ပညာရှင်များက အီရန်၏ လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်မှာ လွန်စွာနိမ့်ကျလျက်ရှိပြီး လက်ရှိပိုင်ဆိုင်ထားသည့် လေယာဉ်များမှာလည်း အိုဟောင်းနေပြီဖြစ်သည်ဟု ဆိုသည်။ 

အီရန်နိုင်ငံ၏ ရေတပ်ဗိုလ်ချုပ် ဟိုစိန်ခါဇာဒီကကမ်းခြေနှင့် ပင်လယ်ပြင်တွင် တာတိုပစ်ဒုံးကျည်များ စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။ ယင်းဒုံးကျည်စနစ်ကို စစ်သင်္ဘောများပေါ်တွင် မကြာမီ တပ်ဆင်မည်ဟုလည်းဆိုသည်။ 

အီရန်နှင့် အမေရိကန်ပြည်ထောင်စုသည် ၂၀၁၅ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက် ဆက်ဆံရေးဆိုးရွားစွာ တင်းမာလျက်ရှိသည်။ 

အမေရိကန်ပြည်ထောင်စုက မကြာသေးခင်က အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုသစ်များပြုလုပ်ခဲ့သလို လာမည့်နိုဝင်ဘာလတွင်လည်း အီရန်၏ စွမ်းအင်တင်ပို့မှု ကဏ္ဍကို ပိတ်ဆို့အရေးယူမည်ဟု ကြိမ်းဝါးထားသည်။ 

သမ္မတဒေါ်နယ်ထရမ့်ကမူ ယခင်သမ္မတ ဘားရက်အိုဘားမားလက်ထက်က ရရှိခဲ့သည့် အဆိုပါ နျူကလီးယားသဘောတူညီချက်သည် အပြစ်အနာအဆာ များစွာပါရှိပြီး အီရန်နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို မည်သို့မျှထိန်းချုပ်နိုင်မည်မဟုတ်ဟု ဝေဖန်ထားသည်။ 

F-01



FOLLOW US