News

POST TAGGED AS

ဒီဇယ်

အဂတိလိုက်စားမှု စွဲချက်ကို အယူခံဝင်ထားသူ ဘရာဇီးသမ္မတဟောင်း လူလာကို အထက်ခုံရုံးက ထောင်ဒဏ်ချမှတ်


ဘရာဇီလာ၊ ဧပြီ ၅

ဘရာဇီးနိုင်ငံတွင် အဂတိလိုက်စားမှု စွဲချက်ကို အယူခံဝင်ထားသူ သမ္မတဟောင်း လူလာဒါဆီးလ်ဗားအား ထောင်ဒဏ် ၁၂ နှစ် ကျခံစေသည့် အထက်ခုံရုံး၏ ဆုံးဖြတ်ချက်သည် လူလာ၏ နိုင်ငံရေးဘဝကို အဆုံးသတ်သွားစေနိုင်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အဂတိလိုက်စားမှု စွဲချက်ကို အယူခံဝင်နေစဉ် အကျဉ်းထောင်ပြင်ပ၌ နေထိုင်ရန် လူလာက အသနားခံထားခြင်းကို အထက်ခုံရုံးက ကြာသပတေးနေ့တွင် ပယ်ချလိုက်သည်။

လူလာသည် အောက်တိုဘာလ ရွေးကောက်ပွဲအတွက် လူကြိုက်များမှု စစ်တမ်းတွင် ဦးဆောင်နေသောကြောင့် အယူခံဝင်နေစဉ်အတွင်း အကျဉ်းထောင်အပြင်ဘက်တွင် နေထိုင်ရန် မျှော်လင့်ထားခဲ့သည်။

လူလာ၏ အသနားခံမှုကို အထက်ခုံရုံးတွင် ဆယ်နာရီကြာ ဆွေးနွေးခဲ့ကြပြီးနောက် ခြောက်မဲငါးမဲဖြင့် ပယ်ချလိုက်ခြင်းဖြစ်သည်။

ငါးမဲစီ သရေကျနေခြင်းကို အဆုံးအဖြတ်မဲ ပေးခဲ့သူ ခုံရုံးဥက္ကဋ္ဌ ကာမင်လူစီယာက လူလာ၏ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်းသည် အပြစ်မှလွတ်မြောက်မှုကို ဖြစ်စေနိုင်သည်ဟု မှတ်ချက်ပေးခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် သမ္မတဟောင်းသည် ချက်ချင်းပင် ထောင်နန်းစံရတော့မည်ဖြစ်ပြီး ကြာသပတေးနေ့ကပင် ထောင်သို့ရောက်သွားပြီဟု အချို့သတင်းများက ဆိုသည်။

ဘရာဇီးစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဒူရာဒိုဗီးလပ်စ်ဘိုးရတ်စ်က သမ္မတဟောင်းလူလာကို ထောင်ဒဏ်ချမှတ်မှုအပေါ် ထောက်ခံကြောင်း Twitter တွင် ပြောဆိုကာ ပြောင်ပြောင်တင်းတင်း ဖိအားပေးခဲ့ပြီးနောက် လူလာ၏ အသနားခံမှုကို တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။

ဘရာဇီးတွင် ၁၉၈၅ ခုနှစ် စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်များ နိုင်ငံရေးနှင့် ကင်းကင်းနေခဲ့ကြသည့် အခြေအနေတွင် ဗိုလ်ချုပ်ကြီးဘိုးရတ်စ်၏ ကြားဝင်စွက်ဖက်သည့် မှတ်ချက်ပေးမှုကို Amesty International အပါအဝင် လူ့အခွင့်အရေးအုပ်စုများက ဒီမိုကရေစီ ဥပဒေအပေါ် ခြိမ်းခြောက်မှုဟု သတ်မှတ်ကာ ဝေဖန်ခဲ့ကြသည်။

ခုံရုံးဆုံးဖြတ်ချက် မချမီရက်များတွင် လမ်းများပေါ်သို့ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ထွက်လာကြကာ လူလာကို ထောင်ချရန် တောင်းဆိုခဲ့ကြသည်။

၂၀၀၃ မှ ၂၀၁၀ အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သူ လူလာဒါဆီးလ်ဗားသည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို မျက်နှာသာပေးကာ အပြန်အလှန်အားဖြင့် ကမ်းခြေမျက်နှာပြု တိုက်ခန်းတစ်ခုကို လက်ခံရယူခဲ့သောကြောင့် အပြစ်ရှိကြောင်း တရားရုံးက မနှစ်က ဆုံးဖြတ်ခဲ့သည်။

အောက်တိုဘာလတွင် ရွေးကောက်ပွဲများ ကျင်းပတော့မည့် ဘရာဇီးတွင် ယခု တရားရုံး ဆုံးဖြတ်ချက်ကြောင့် ရလဒ်များ ပြောင်းလဲသွားဖွယ်ရှိပြီး တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်ခြေ ရှိနေသည်။ 

ရွေးကောက်ပွဲဝင်မည့်သူများကို အပြီးသတ်အတည်ပြုသည့် ဩဂုတ်လမတိုင်မီ အဆိုပါပြစ်ဒဏ်ကို ပြင်ဆင်ပြောင်းလဲခြင်းမရှိပါက သမ္မတဟောင်း လူလာဒါဆီးလ်ဗားသည် ရွေးကောက်ပွဲဝင်ရန် အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီနိုင်မည် မဟုတ်တော့ပေ။ 

တရားရုံး၏ဆုံးဖြတ်ချက်သည် လူလာကို နိုင်ငံရေးကစားကွင်းထဲမှ ဖယ်ရှားပစ်လိုက်လိုသည့် နိုင်ငံရေးပြိုင်ဘက်များ၏ ကြံစည်မှုဖြစ်နိုင်သည်ဟု လူအများက ရှုမြင်ကြသည်။

F-04



FOLLOW US