News

POST TAGGED AS

ထားဝယ်

ထားဝယ်တွင် သဲ၊ ကျောက်၊ အမှိုက်၊ မြေကားများ လမ်းပေါ်ဖိတ်စဉ်က အနည်းဆုံး ကျပ်ငါးသောင်း ဒဏ်ရိုက်မည်


ထားဝယ်၊ ဇူလိုင် ၁၅

ထားဝယ်မြို့အတွင်း သဲကျောက်တင်ကား၊ မြေကားနှင့် အမှိုက်ကားများ လမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံးငွေ ကျပ်ငါးသောင်း ဒဏ်ရိုက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ဆတိုး ဒဏ်ရိုက်တော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။

အများပြည်သူသွား လမ်းမပေါ်တွင် ဖိတ်စဉ်ပါက ဒဏ်ရိုက်မည့်အစီအစဉ်ကို ဇူလိုင်လ ၂၀ ရက်တွင် စတင်မည်ဖြစ်ပြီး ပထမအကြိမ်တွင် ငွေကျပ် ၅ သောင်းမှစကာ နောက်အကြိမ်များတွင် ဒဏ်ကြေးငွေကို ၁ ဆစီ တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငွေဒဏ်ရိုက်မည့်အပြင် ဖိတ်စဉ်သည့် မြေကြီး၊ သဲကျောက်နှင့် အမှိုက်များကို ပြန်လည်သန့်ရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ကားများတွင် တာလပတ်ကဲ့သို့ အဖုံးများ မဖုံးအုပ်ပါကလည်း အထက်ပါနှုန်းထားအတိုင်းပင် ဒဏ်ရိုက်မည်ဖြစ်ကြောင်း အတွင်းရေးမှူးက ဆိုသည်။

“ထော်လာဂျီကအစ ကားကြီး၊ ကားသေး မခွဲထားဘူး၊ ဖိတ်စဉ်ရင် အားလုံးဒဏ်ရိုက်မယ်”ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။

ထို့အပြင် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားများနှင့် ပုဂ္ဂလိကအမှိုက်ကားများကိုလည်း အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံသို့ သွားလာရာတွင် တာလပတ် မဖုံးခြင်း၊ လမ်းမပေါ် ဖိတ်စဉ်ခြင်းများရှိက ဒဏ်ရိုက်မည်ဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးက ဆိုသည်။

သဲကျောက်၊ မြေကြီးတင်သည့် ကားများ၏ ကားဘီးကြားတွင် ရွှံ့စေးများကပ်ပါလာပြီး လမ်းမပေါ် ပေကျန်နေပါကလည်း ဒဏ်ရိုက်ခံရမည်ဖြစ်သည်။

ကားများတွင် သဲကျောက်၊ မြေ၊ အမှိုက်တင်ဆောင်လာပါက ဖုံးအုပ်ထားမှု မရှိခြင်း၊ လမ်းမပေါ်ဖိတ်ကျန်ခြင်းများရှိပါက ပြည်သူများအနေနှင့် မြို့နယ်စည်ပင်ကော်မတီထံ တိုင်ကြားစေချလိုကြောင်း ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“ပြည်သူမပါရင် မအောင်မြင်ဘူးလေ၊ ပြည်သူပါမှ အောင်မြင်မှာပါ”ဟု ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

ယင်းကဲ့သို့ ဖိတ်စဉ်ပါက အရေးယူမည့်အကြောင်းကို ဇူလိုင်လ ၁၃ ရက်က သက်ဆိုင်ရာလုပ်ငန်းရှင်များကို စည်ပင်သာယာရေးကော်မတီက ခေါ်ယူကာအသိပေးခဲ့သည်။

ယင်းကဲ့သို့ စည်းကမ်းတင်းကျပ်ခြင်းကို ထောက်ခံပြီး ဒဏ်ကြေးရိုက်မည့် အစီအစဉ်က နောက်ကျနေသည်ဟုထင်ကြောင်း ထားဝယ်မြို့နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မြေသယ်ကားတွေက နွေရာသီဆို မြေမှုန့်တွေနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး၊ အမှိုက်ကားတွေကလည်း ဖုံးထားတာမရှိတော့ ရောဂါပိုးဖြန့်နေသလိုပဲ”ဟု ၎င်းက ဆိုသည်။

သဲကျောက်များ၊ မြေကြီးများနှင့် အမှိုက်များကားပေါ်မှ ဖိတ်ကျန်ခဲ့ခြင်း၊ ကားဘီးတွင် ကပ်ပါလာသည့်အတွက် လမ်းမ ညစ်ပေခြင်းများနှင့်ပတ်သက်၍ ဖုန်းနံပါတ်- ဝ၉၂၅၄၃၀၃၉၀၀၊ ဝ၉၈၅၉၁၃၂၄၊ ဝ၉၄၅၀၉၉၀၃၅၅ ထံ ဆက်သွယ်တိုင် ကြားနိုင်ကြောင်း မြို့နယ်စည်ပင်ကော်မတီထံမှ သိရသည်။

Dawei Watch




FOLLOW US