News

POST TAGGED AS

တိုက်ကြီး

အကြွေးသွားတောင်းသူ အမျိုးသားနှစ်ဦး ဓားထိုးခံရ
ရန်ကုန်၊ မေ ၁၄ 

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ဘိလိယက်ခုံတစ်ခုတွင် မေလ ၁၃ ရက် ည ၇ နာရီခွဲခန့်က အကြွေးရရန်ရှိသည့် ငွေကျပ်တစ်သိန်းကို သွားရောက်တောင်းသူ အမျိုးသားနှစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းကျေးရွာတွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ် ကိုသန်းဇော်ဦးသည် ယင်းနေ့က ဝမ်းကွဲညီတော်စပ်သူ အသက် ၂၆ နှစ်အရွယ် ကိုမျိုးမင်းဦးနှင့်အတူ အကြွေးငွေကျပ်တစ်သိန်းကို ချေးယူသွားသူမှ ပြန်လည်ပေးဆပ်မည်ဟု ချိန်းဆိုထားသဖြင့် သွားရောက်တောင်းရမ်းရာ အကြွေးတောင်းခံရသူ အမျိုးသားက “ဟေ့ကောင် မင်းပိုက်ဆံပြန်ပေးမယ်၊ တစ်မိနစ်ပဲစောင့်”ဟု ပြောဆိုကာ ဘိလိယက်ဆိုင်အပြင်ဘက်သို့ ထွက်သွားကြောင်း၊ ထိုသို့ထွက်သွားပြီးနောက် ၅ မိနစ်ခန့်အကြာ ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ဓားမြောင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဓားနဲ့ထိုးစဉ် အသက် ၃၆ နှစ်အရွယ် ကိုဇော်ဇော် (ခ) သက်ဇော်ဦးက ချုပ်ကိုင်ပေးခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“အရင်နေ့ ညပိုင်းက ငွေလိုလို့ဆိုပြီး ခဏချေးထားတာ။ သူကပြန်ပေးမယ် ဆိုပြီးချိန်းလို့ သွားတောင်းရင်း ဓားထိုးခံရတာပါ။ အမှုဖွင့်တိုင်တန်းတဲ့ ကိုသန်းဇော်ဦးက ဒဏ်ရာပြင်းပြင်းထန်ထန်မရပေမယ့် သူ့ညီဖြစ်တဲ့ ကိုမျိုးမင်းဦးက စိုးရိမ်ရတယ်။ တစ်ရွာတည်းသား အချင်းချင်းတွေဖြစ်ကြတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားထိုးခံရမှုကြောင့် ကိုသန်းဇော်ဦးတွင် ဘယ်လက်မောင်းပြတ်ရှ၊ ဘယ်လက်ဖျံပြတ်ရှဒဏ်ရာများဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ ကိုမျိုးမင်းဦးတွင် ဘယ်ညာခါးထိုးသွင်းဒဏ်ရာ၊ ကျောပြင်တွင် ထိုးသွင်းဒဏ်ရာ၊ ဘယ်တင်ပါး ထိုးသွင်းဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့လည်းကောင်း တင်ပို့ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၁၉ နှစ်အရွယ် ကိုမင်းထွန်းနှင့် အသက် ၃၆ နှစ်အရွယ် ကိုဇော်ဇော် (ခ) သက်ဇော်ဦးတို့ကို ယင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

J-16



FOLLOW US