News

POST TAGGED AS

တိုက်ကြီး

တိုက်ကြီးတွင် သေနတ်ဒဏ်ရာဖြင့် တောဆင်ရိုင်းတစ်ကောင် သေဆုံး


တိုက်ကြီး၊ မတ် ၈ 

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက် သစ်တောကြိုးဝိုင်း အကွက်အမှတ် (၇၄) ကွင်းမြောင် (ဒေသခေါ်) တွင် မတ်လ ၆ ရက် ညနေ ၄ နာရီက တောဆင်ရိုင်းအမတစ်ကောင်မှာ တူးမီးသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလင်းမောင်က ပြောသည်။

အဆိုပါ တောဆင်ရိုင်းအသတ်ခံရမှုမှာ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးဖြစ်ကြောင်း၊ သေဆုံးသော တောဆင်ရိုင်းမှာ အသက် ၅ နှစ်အရွယ်ရှိပြီး ၄ ပေမြင့်ကာ အလျား ၇ ပေခန့်ရှိကြောင်း၊ တောဆင်ရိုင်းမှာ ဆင်မုဆိုးများ၏ လက်ချက်ကြောင့် အသတ်ခံရခြင်းဖြစ်ပြီး တောဆင်ရိုင်းသေကို သယ်ဆောင်ရန်အခက်အခဲများ ရှိသောကြောင့် နေရာတွင်ပင် ချက်ချင်း မီးရှို့လိုက်ရကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများ သေဆုံးသတ်ဖြတ်ခံရမှုမှာ ၂၀၁၆ ခုနှစ်တွင် ၂၆ ကောင်ခန့် သေဆုံးပြီး ၂၀၁၇ ခုနှစ်တွင် ၅၉ ကောင်ရှိကြောင်း၊ ယခင်နှစ်ထက် နှစ်ဆကျော် မြင့်တက်နေပြီး ၂၀၁၇ ခုနှစ်အတွင်း သေဆုံးသတ်ဖြတ်ခံရမှုသည် ဧရာဝတီတိုင်းတွင် ၂၈ ကောင်၊ ရန်ကုန်တိုင်းတွင် အကောင်ရေ ၂၀၊ ပဲခူးတိုင်းတွင် နှစ်ကောင်၊ မကွေးတိုင်းတွင် နှစ်ကောင်နှင့် ရခိုင်ပြည်နယ်တို့တွင် နှစ်ကောင် သေဆုံးကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

R-19



FOLLOW US