News

POST TAGGED AS

တိုးဂိတ်

တိုက်ကြီး တိုးဂိတ်ပြောင်းရွှေ့ပေးရေး ကားအစီး ၅၀၀ ဖြင့် ဆန္ဒပြတောင်းဆို


တိုက်ကြီး၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်း တိုက်ကြီးမြို့တွင် တိုးဂိတ် ပြောင်းရွှေ့ပေးရေးအတွက် ယာဉ်ပိုင်ရှင် ၁၀၀ ကျော်နှင့် ကားအစီး ၅၀၀ ကျော်တို့ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှ တိုးဂိတ်အထိ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ယာဉ်ပိုင်ရှင် ဦးမျိုးမင်းသူက ပြောသည်။ 

အဆိုပါ ဆန္ဒပြမှုတွင် တိုးဂိတ်တည်နေရာ ပြောင်းရွှေ့တည်ဆောက်ပေးရေး၊ မူလနေရာတွင် တိုးဂိတ်သစ် တည်ဆောက်မှု ရပ်ဆိုင်းပေးရေး၊ BOT စာချုပ်ကို ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြပေးရေး၊ တိုးဂိတ်ဝန်ထမ်းများက အများနှင့် ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ပေးရေး၊ ဟိုင်းဝေးလမ်းမကြီးတွင် မြို့ဝင်ကြေးခွန် ဘီးခွန်ငွေကောက်ခံခြင်း ဥပဒေများကိုအပြီး ဖျက်သိမ်းပေးရေး စသည်များကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြောင်း ပါဝင်သူများက ပြောဆိုသည်။ 

“ကျွန်တော်တို့ တိုက်ကြီးကနေ နေ့စဉ် ရန်ကုန်ကိုသွားနေတာ မှော်ဘီတိုးဂိတ်နဲ့ တိုက်ကြီးတိုးဂိတ် ၂၃ မိုင် ၃ ဖာလုံရှိပြီး တိုက်ကြီးတိုးဂိတ်ကနေ သာယာဝတီတိုးဂိတ် အကွာအဝေး ၃၃ မိုင်သာရှိတယ်၊ အဓိက တိုက်ကြီးတိုးဂိတ်မရှိသင့်တော့ဘူး၊ BOT ပဋိညာဉ်စာချုပ်ပါ အချက်ပါအရ တိုးဂိတ်တစ်ခုနဲ့တစ်ခုကို မိုင် ၅၀ အကွာထားရှိရမှာ ဖြစ်တယ်”ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ တိုက်ကြီးမြို့ ယာဉ်ပိုင်ရှင်ဦးထွန်းအောင်က ပြောသည်။ 

တိုက်ကြီးမြို့တွင် ယာဉ်အစီးရေ တစ်ထောင်ကျော်ရှိပြီး နေ့စဉ် ရန်ကုန်မြို့သို့ ယာဉ်အစီးရေ ၈၀၀ ကျော်တို့က ဒေသထွက်ကုန်များ ပို့ဆောင်နေရကာ တိုက်ကြီးတိုးဂိတ်သို့ အခွန်ပေးနေရကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ 

တိုက်ကြီး တိုးဂိတ်ဖျက်သိမ်းပေးရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများသို့ ယာဉ်ပိုင်ရှင်များက လက်မှတ်ရေးထိုးကာ ဖေဖော်ဝါရီလ ၂၁ ရက်က ပို့ဆောင်ထားကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးမျိုးမင်းသူက ပြောသည်။ 

R-19




FOLLOW US