News

POST TAGGED AS

စစ်ရေး

30-Aug-2018

ရုရှား စစ်ရေး
ဆိုဗီယက်ယူနီယံပြိုလဲပြီးနောက် ပထမဆုံးဧရာမစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် ရုရှားစီစဉ်၊ တရုတ်စစ်တပ်လည်း ပူးပေါင်းပါဝင်မည်ဟုဆို


မော်စကို၊ ဩဂုတ် ၂၉

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို လာမည့်စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် တရုတ်နှင့် မွန်ဂိုလီးယားစစ်တပ်တို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဗော့စ်တော့ခ် - ၂၀၀၈ (အရှေ့ ၂၀၀၈) ဟု အမည်ရသည့် ယင်းစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာခရိုင်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင် သုံးသိန်းခန့်ပါဝင်ပြီး စစ်လေယာဉ် အစင်း ၁၀၀၀ ကျော်၊ စစ်သင်္ဘောကြီးနှစ်စင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူက ကြေညာချက်ထုတ်ပြန်သည်။ 

အနောက်နိုင်ငံများနှင့် ရုရှားအကြား လတ်တလောကာလအတွင်း ဆက်ဆံရေးတင်းမာလျက်ရှိစဉ် ရုရှားနိုင်ငံက ယင်းသို့ ဧရာမစစ်ရေးလေ့ကျင့်မှုကြီးပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။ ထို့ပြင် ရုရှားသည် အနောက်ဘက် နယ်စပ်ဒေသအနီးတွင် NATO စစ်အုပ်စု၏ စစ်အင်အားတိုးချဲ့လာမှုအပေါ် အချိန်ကြာမြင့်စွာစိုးရိမ်မကင်း ဖြစ်ခဲ့သည်။ NATO ကမူ အရှေ့ဥရောပ ဒေသတွင်း တပ်ဖွဲ့ဝင်များ တိုးချဲ့တပ်ဖြန့်ထားခြင်းသည် ယူကရိန်းပိုင်နက်ဖြစ်သော ကရိုင်းမီးယားကို ရုရှားတို့ ၂၀၁၄ ခုနှစ်က သိမ်းပိုက်ရယူမှုပေါ်ပေါက်ခဲ့ပြီးနောက် အရှိန်မြင့်လာဖွယ်ရှိသည့် ရုရှားစစ်ရေးလှုပ်ရှားမှုများကို ဟန့်တားရန်ဖြစ်သည်ဟု ဆိုထားသည်။ 

စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ယင်းစစ်ရေးလေ့ကျင့်မှုသည် ဂျပန်နိုင်ငံကို စိုးရိမ်သောက ရောက်စေမည်ဖြစ်သည်။ အရှေ့အာရှဖျားဒေသတွင် ရုရှားတို့ စစ်ရေးအင်အား တိုးချဲ့လာမှုများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက မကျေမနပ်ပြောဆိုထားပြီး ဖြစ်သည်။ ယခု စစ်ရေးလေ့ကျင့်မှုသည် ဂျပန်နိုင်ငံတွင် အမေရိကန်လုပ် ဒုံးကျည်စနစ်တစ်မျိုး တပ်ဆင်မည့်ကိစ္စနှင့်လည်း ဆက်စပ်နေဖွယ်ရှိသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။ 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်သည့်ကာလတွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ မြို့သို့ သွားရောက်ကာ ဖိုရမ်တစ်ခုတက်ရောက်ရန် စီစဉ်ထားသည်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ ရုရှားနှင့် တရုတ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။ 

ရုရှားကာကွယ်ရေးဝန်ကြီးက “ယခု စစ်ရေးလေ့ကျင့်မှုဟာ ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်၊ ဆိုဗီယက်ခေတ်ကာလတုန်းက ဇာပတ်-၈၁ ဆိုတဲ့ စစ်ရေးလေ့ကျင့်မှုနောက်ပိုင်း အကြီးမားဆုံးဖြစ်တယ်” ဟု ဆိုသည်။ 

အချို့ကိစ္စများတွင် ယခင် ဇာပတ်-၈၁ ပုံစံစစ်ရေးလေ့ကျင့်မှုမျိုးများ ပါဝင်မည်ဖြစ်သော်လည်း ပမာဏအတိုင်းအတာအားဖြင့်ဆိုပါက ယခုစစ်ရေးလေ့ကျင့်မှုက ပိုမိုကြီးမားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တရုတ်နှင့် မွန်ဂိုလီးယား စစ်တပ်တို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်ဟု ဆိုထားသည်။ 

ရုရှားနိုင်ငံတွင်း လူမှုဘဝစရိတ်စကများ မြင့်တက်လာချိန်တွင် ယခုလိုဧရာမ စစ်ရေးလေ့ကျင့်မှုမျိုး ပြုလုပ်ခြင်းသည် မျှတမှုရှိပါမည်လောဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ရုရှားအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ယခုစစ်ရေးလေ့ကျင့်မှုသည် မဖြစ်မနေလိုအပ်သည်ဟု တုံ့ပြန်ပြောကြားသည်။ 

“လက်ရှိနိုင်ငံတကာအခြေအနေထဲမှာ ကိုယ့်တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတာ အင်မတန်အရေးကြီးတယ်၊ လက်ရှိ နိုင်ငံတကာအခြေအနေက မကြာခဏဆိုသလို ခက်ထန်ကြမ်းတမ်းလာတဲ့သဘောရှိတယ်။ အဲဒီတော့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကျိုးကြောင်းဆီလျော်မှုရှိတယ်” ဟု ပြော ရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားသည်။

F-01



FOLLOW US